NATO နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကန် ဒုသမ္မတ Pence အာမခံ

ဒုတိယသမ္မတ Mike Pence
မြောက်အတ္တလန်တိတ်နေတိုးစစ်စာချုပ်အဖွဲ့နဲ့ အမေရိကန်ဆက်ပြီးပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒုတိယသမ္မတ Mike Pence ကအာမခံပြောကြားခဲ့ပြီး တခြားအဖွဲ့ဝင်နိုင်ငံတွေကို ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်သုံးစွဲဖို့လည်း ပြတ်ပြတ်သားသားတိုက်တွန်းခဲ့ပါတယ်။

နိုင်ငံပေါင်း ၂၈ နိုင်ငံပါဝင်တဲ့ နေတိုးအဖွဲ့အတွင်း အမေရိကန်နဲ့ နောက်ထပ် ၄ နိုင်ငံကပဲ အဖွဲ့အတွက်သုံးစွဲသင့်တဲ့ကာကွယ်ရေးအသုံးစရိတ်ကို အပြည့်အဝထည့်ဝင်ကြတယ်လို့ Belgium နိုင်ငံ Brussels မြို့တော်က နေတိုးဌာချုပ်မှာ အမေရိကန်ဒုသမ္မတက ပြောခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုးရဲ့ ၂% ကိုစစ်ရေးအသုံးစရိတ်အဖြစ် ထည့်ဝင်ဖို့လိုအပ်ချက်အတိုင်း လက်တွေ့လုပ်ကြဖို့ အချိန်တန်ပြီလို့ ဒုသမ္မတ Pence ကပြောခဲ့တာပါ။

Trump အစိုးရသစ်လက်ထက်မှာ အမေရိကန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သွားဖို့ရည်ရွယ်ချက်ရှိတယ်လို့လည်း သူက ကြေညာခဲ့ပါတယ်။ ဥရောပရဲ့စီးပွားရေးအင်အားအကြီးဆုံး ဂျာမနီက ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ခဲ့သလို ၂% ပြည့်အောင်ထည့်ရမယ့် နိုင်ငံတွေအနေနဲ့လည်း အမြန်ဆုံး တိုးမြှင့်သုံးစွဲကြဖို့ ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံအနေနဲ့ သူတို့ရဲ့လုပ်ရပ်ကို တာဝန်ခံအောင် အမေရိကန်က ဆက်ပြီးဆောင်ရွက်သွားမယ်ဆိုတာကိုလည်း ဥရောပတာဝန်ရှိသူ တချို့နဲ့တွေ့ဆုံစဉ်မှာ အမေရိကန်ဒုသမ္မတက ကတိပေးခဲ့ပါတယ်။ ရုရှားနဲ့ ဘုံရပ်တည်ချက်သစ်တခု ရနိုင်မယ့်နည်းလမ်းတွေကိုရှာဖွေဖို့လည်း သမ္မတ Donald Trump ညွန်ကြားထားတယ်လို့ သူကပြောပါတယ်။ အမေရိကန်အစိုးရသစ်ရဲ့ အမေရိကန်ဦးစားပေးမူဝါဒအပေါ်စိုးရိမ်နေကြချိန်မှာ အမေရိကန်အနေနဲ့ မဟာမိတ်နိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာပြသဖို့အတွက် ဒုသမ္မတ MikePence ဥရောပကို ပထမဆုံးသွားရောက်နေတာဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
NATO နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကန် ဒုသမ္မတ Pence အာမခံ NATO နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကန် ဒုသမ္မတ Pence အာမခံ Reviewed by THITHTOOLWIN on 11:06 Rating: 5
Powered by Blogger.