အစိုးရချင်း ချိတ်ဆက်မှု G to G စနစ်ဖြင့် YBS အတွက် ဘတ်စ်ကားသစ်များ ဝယ်ယူမည်


ရန်ကုန် ဖေဖော်ဝါရီ ၉

ရန်ကုန်မြို့ YBS ယာဉ်လိုင်းများအတွက် အစိုးရချင်း ချိတ်ဆက်မှု G to G စနစ်ဖြင့် ဘတ်စ်ကားသစ်များ ဝယ်ယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ထံမှ သိရသည်။

YBS ယာဉ်လိုင်းများတွင် ယာဉ်အစီးရေလိုအပ်ချက်ရှိနေရာ ပြည်ပမှ ခရီးသည်တင်ယာဉ်များ ဝယ်ယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ငွေကျပ် ၆ဝ ဘီလီယံ အသုံးပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

''အစိုးရဘက်က လမ်းမဘေးမှာ ကားတွေရပ်ထားတာကို ပြင်နိုင်ဖို့ ဂိတ်ရင်းတွေ၊ ဂိတ်ဖျားတွေမှာ အဆင့်မြှင့်တင်နိုင်ဖို့အတွက် ငွေကျပ် ၁ဝ ဘီလီယံ အသုံးပြုဖို့ လျာထားပါတယ်။ ဘတ်စ်ကားသစ်တွေ ဝယ်ယူဖို့အတွက် ငွေကျပ် ၆ဝ ဘီလီယံဖိုး ကားသစ်တွေ ဝယ်ယူပြီး ပြေးဆွဲမှာ ဖြစ်ပါတယ်'' ဟု ဝန်ကြီးချုပ်က ပြောကြားသည်။ အဆိုပါ ခရီးသည်တင်ယာဉ်များကို ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ကာ အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်မှု G to G စနစ်ဖြင့် ဝယ်ယူနိုင်ရန် စီစဉ်နေသည်ဟု သိရပြီး လက်ရှိယာဉ်လိုအပ်ချက်ဖြစ်နေသည့်အပေါ် အမြန်ဆုံး ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။

'' ဘတ်စ်ကားတွေကို အစိုးရချင်း ချိတ်ဆက်မှုနဲ့ ဝယ်ဖို့လုပ်နေပါတယ်။ G to G ဆိုတော့ ဈေးနှုန်းအရရော၊ ကားကိုလည်း အရည်အသွေးကောင်းတာရော ရွေးချယ်နေပါတယ်။ Brand New ဝယ်ချင်ပေမယ့် ဈေးနှုန်းအလွန်ကြီးမြင့်တဲ့ အတွက် ကားအသစ်ကဲ့သို့ ကောင်းမွန်တဲ့ကားမျိုးတွေကို ဝယ်ဖို့လုပ်နေပါတယ်။ သုံးပြီးသားကားတွေမှာ ပြုပြင်ထိန်းသိမ်းရတဲ့စရိတ်ကလည်း မနည်းပါဘူး။ ဒါကြောင့် ကားကောင်းတွေဖြစ်ဖို့လိုပါတယ်။ ဒီကားတွေ ရောက်လာပြီဆိုရင်၊ ကတ်စနစ်နဲ့ ကားခပေးနိုင်ပြီဆိုရင် YBS မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အဆင်ပြေသွားနိုင်ပါတယ်။ အပြောင်းအလဲကာလမှာ အခက်အခဲတွေ ကြုံတွေ့နေရတာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် လိုအပ်ချက်ရှိ နေသည့် ခရီးသည်တင်ယာဉ်များကို ယခုဘဏ္ဍာနှစ်အတွင်း ဝယ်ယူဖြည့်တင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
အစိုးရချင်း ချိတ်ဆက်မှု G to G စနစ်ဖြင့် YBS အတွက် ဘတ်စ်ကားသစ်များ ဝယ်ယူမည် အစိုးရချင်း ချိတ်ဆက်မှု G to G စနစ်ဖြင့် YBS အတွက် ဘတ်စ်ကားသစ်များ ဝယ်ယူမည် Reviewed by THITHTOOLWIN on 06:25 Rating: 5
Powered by Blogger.