ချင်းပြည်နယ် ထန်တလန်မြို့မှာ ကျင်းပမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ CNDJC က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပြီး ပူးရမ်ကုလ်ကျုံးက အခုလိုပြောတာဖြစ်ပါတယ်။
၉ ကြိမ်မြောက်ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး ဆုံးဖြတ်ချက်အရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ကျင်းပခွင့်မပေးကြောင်း ဆုံးဖြတ်ခဲ့ရာကနေ ချင်းပြည်နယ် မှာ ပြန်လည်ကျင်းပခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ကျင်းပခွင့် ပိတ်ပင်ခံခဲ့ရတာဟာ UPDJC အစည်းအဝေး ဆုံးဖြတ်ချက်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်ကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။
ထန်တလန်မြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပေမယ့် အချိန်အကန့် အသတ် ရှိတဲ့အတွက် ၃ ရက်သာ ကျင်းပခွင့်ရတယ်လို့ ပြောပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA စာချုပ်မှာ အပစ်ရပ် လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦး CNF လည်း ပါဝင်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်အရ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား ဒေသတွေမှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပခွင့်ပေးရမှာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ချင်းအမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲ ကျင်းပမယ့် အကြောင်း CNDJC ရှင်းလင်း
Reviewed by THITHTOOLWIN
on
19:35
Rating:
