ဘင်္ဂါလီများအား နိုင်ငံသား လက်မှတ် ထုတ်ပေးသည့် ကိစ္စစစ်ဆေးရန် ရခိုင်လွှတ်တော်ကိုယ်စားလှယ်များ မောင်တောသို့ ရောက်ရှိ
![]() |
ဓာတ်ပုံ- ဦးမောင်အုန်း(fb) |
ရခိုင်ပြည်နယ် လွှတ်တော်မှ ဖွဲ့စည်းထားသည့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် အထူးကိစ္စရပ်များ ကြားနာစုံစမ်းရေးအဖွဲ့မှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်မှ ဘင်္ဂလီ ၅၃ ဦးအား နိုင်ငံသားလက်မှတ် ထုတ်ပေးသည့် ကိစ္စနှင့်ပတ်သတ်၍ စစ်ဆေးရန် မောင်တောမြို့သို့ ရောက်ရှိနေကြောင်း သိရသည်။
၎င်းလွှတ်တော်အဖွဲ့တွင် ဦးထွန်းအောင်သိန်း၊ ဦးကျော်ဇောဦး၊ ဦးခင်မောင်ဌေး၊ ဦးမောင်အုန်းတို့ ပါဝင်ကြပြီး ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီခန့်တွင် ဒေသခံ ရခိုင်အမျိုးသားများနှင့် မောင်တောမြို့ သာဿနာ့ ဗိမာန်တော်ကြီးတွင် တွေ့ဆုံဆွေးနွေးခဲ့သည် ဟုသိရသည်။
တွေ့ဆုံပွဲသို့ မောင်တောမြို့ ၁၉၈၂ခုနှစ်နိုင်ငံသားဖြစ်မူအား လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဆရာတော် သံဃာတော်များနှင့် တတ်သိ ပညာရှင်များ ဥပဒေပညာရှင်များတက်ရောက်ကာ အသေးစိတ် ဆွေးနွေးခဲ့ကြသည်ဟု ဘူးသီးတောင် မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က နိရဉ္စရာ သို့ပြောသည်။
"ပြည်သူလူထုက ပြောတဲ့စကားသံတွေနဲ့ နိုင်ငံသားစိစစ်ရေး ကော်မတီကလုပ်ဆောင်ချက်တွေကို ကြားနာပြီးတော့ လွှတ်တော်ဥက္ကဋ္ဌ ကို အစီရင်ခံစာတင်သွင်းရမယ်" ဟု သူက ပြောသည်။
၎င်းလွှတ်တော် အဖွဲ့သည် မောင်တောမြို့နယ်တွင် ဘင်္ဂလီ ၅၃ ဦးအား နိုင်ငံသားလက်မှတ် ထုတ်ပေးသည့် ကိစ္စမှာ တည်ဆဲ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု အက်ဥပဒေနှင့် ညီညွတ်မှု ရှိ/ မရှိ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
" မနေ့က နေ့လယ်မှာ ပြည်သူတွေနဲ့ ဆွေးနွေးခဲ့တယ်။ ဒီကနေ့ မနက် ၉ နာရီလောက်မှ လဝက ကို သွားတွေ့မယ်" ဟု မောင်တောမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။
ဘင်္ဂလီ ၅၃ ဦးအား နိုင်ငံသားလက်မှတ်ထုတ်ပေးသည့်ကိစ္စနှင့် ပတ်သတ်၍ မောင်တောတွင် ဆန္ဒထုတ်ဖော် သွားမည် ဟုလည်းသိရသည်။
မဘုကေ
Narinjara
https://www.facebook.com/Narinjara
ဘင်္ဂါလီများအား နိုင်ငံသား လက်မှတ် ထုတ်ပေးသည့် ကိစ္စစစ်ဆေးရန် ရခိုင်လွှတ်တော်ကိုယ်စားလှယ်များ မောင်တောသို့ ရောက်ရှိ
Reviewed by THITHTOOLWIN
on
07:26
Rating:
