ထောက်ပံ့ကူညီရေး လုပ်သားခြောက်ဦး သတ်ဖြတ်ခံရပြီးနောက် အာဖဂန်နစ္စတန်၌ ကြက်ခြေနီကော်မတီ၏ လုပ်ငန်းများရပ်ဆိုင်း
မာဇာအီရှရစ်ဖ် ဖေဖော်ဝါရီ ၉
ဆီးနှင်းများ ပြင်းထန်စွာကျဆင်းမှုနှင့်ကြုံတွေ့ခဲ့ရသည့် အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဝေးလံသီခေါင်သော ဒေသများသို့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ပေးသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ(အိုင်စီအာရ်စီ)ထောက်ပံ့ကူညီရေးအလုပ်သမား ခြောက်ဦးအား ဖေဖော်ဝါရီ ၈ ရက်တွင် သေနတ်သမား များကပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် ယင်းနိုင်ငံအတွင်း ဆောင်ရွက်နေသည့်လုပ်ငန်းများကို အိုင်စီအာရ်စီက ရပ်ဆိုင်းထားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့်ယာဉ်တန်းကို အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့(အိုင်အက်စ်)ဟု သံသယရှိသည့်သေနတ်သမားများက တိုက်ခိုက်ခဲ့ကြောင်း ဂျိုဝစ်ဇန်ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
အာဖဂန်နစ္စတန်နိုင်ငံအတွင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၏ လုပ်ငန်းများဆောင်ရွက်နေမှုအပေါ် အဆိုးရွားဆုံးဆန့်ကျင်တိုက်ခိုက်မှုဖြစ်ကြောင်း အိုင်စီအာရ်စီအကြီးအကဲက ပြောကြားသော်လည်း ယင်းတိုက်ခိုက်မှုသည်မည်သူ့လက်ချက်ဖြစ်သည်ကိုမူ ဖော်ပြခြင်းမရှိပေ။
တိုက်ခိုက်ခံရသည့် ကြက်ခြေနီအဖွဲ့၏ ယာဉ်တန်းအတွက် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်ညပိုင်းအထိ ကူညီရေးလုပ်သား နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်။
ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ထောက်ပံ့ကူညီရေး လုပ်သားခြောက်ဦး သတ်ဖြတ်ခံရပြီးနောက် အာဖဂန်နစ္စတန်၌ ကြက်ခြေနီကော်မတီ၏ လုပ်ငန်းများရပ်ဆိုင်း
Reviewed by THITHTOOLWIN
on
06:34
Rating:
