![]() |
မူးယစ်ဆေးဝါးရောင်းချသူနှင့် တစ်ဆင့်ပြန်လည်ရောင်းချသူများအား မူးယစ်ဆေးဝါးများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ |
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်ရှိ စိုးဝင်း(ဘ)ဦးရှီကျင်ချဲ၏နေအိမ် အား ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းအရ၀င်ရောက် ရှာဖွေရာ စိုးဝင်းနှင့်အတူ နေအိမ်အိပ်ခန်းရှိ ဗီရိုအတွင်းမှ ဘိန်းဖြူ ၁၂ ဒသမ ၅ ဂရမ်ခန့်၊ ICE ၂ ဂရမ်ခန့်၊ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၈ ပြားနှင့် ဘိန်းဆီခဲ ၆၀ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုး စုစုပေါင်း ငွေကျပ် ၂၃ သိန်းကျော်)တို့ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ဆက်စပ်သတင်းများအရ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ချမ်းမြသာစည် မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လမ်းသွယ်(၁)ရှိ နေအိမ်၌ သွားရောက်ရှာဖွေရာ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၀၅ ပြား၊ ဘိန်းဖြူ ၅ ဂရမ်ခန့်၊ ICE ၃၁၀ ဂရမ်ခန့်နှင့် ဘိန်းဆီခဲ ၈၃၂ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုး စုစုပေါင်း ငွေကျပ် ၂၆၈ သိန်းကျော်)တို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စုံစမ်းဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိသူ ဘိုင်ကြီး(ခ)ခင်မောင်ထွန်းသည် ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာအုပ်စု၊ စည်ပင်သာယာကျေးရွာ၊ ပုဂံလမ်းရှိ နေအိမ်တွင် ရှိနေကြောင်း သိရှိရသဖြင့် ရှာဖွေရာ ဘိုင်ကြီးကို အိုက်ရွှေ၊ သိန်းအောင်တို့နှင့် 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀၈၅၈ ပြား၊ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၂၉ ခွက် (ခန့်မှန်း ၃၄၈ ဂရမ်ခန့်)၊ ICE ၁ ကီလိုခန့်၊ Coldifed စာတန်းပါ ဆူဒိုအက်ဖ်ဖီဒရင်းဆေးပြား ၁၃၀၀၀ ပြား၊ ဘိန်းဆီခဲ ၇၅၀ ဂရမ်ခန့်(ခန့်မှန်းတန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း ၉၀၀၀ ကျော်)၊STAR S.A cal 7.65-32 စာတန်းပါ စပိန်နိုင်ငံလုပ် ၃၂ ဗို့ ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၈၃ တောင့်၊ Mark IIအမျိုးအစား မော်တော်ယာဉ်အမှတ် YGN-7F/------ တစ်စီး၊ Luojia အမျိုးအစားနှင့် Viva အမျိုးအစား မော်တော် ဆိုင်ကယ်နှစ်စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အဆိုပါမူးယစ်ဆေးဝါးများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများအား အောင်မြေသာစံ မြို့နယ်နှင့် မဟာအောင်မြေမြို့နယ်ရဲစခန်းတို့တွင် ထိန်းသိမ်းထားရှိပြီး တရားဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
မန္တလေးမြို့ တွင် မူးယစ်ဆေးဝါးများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
20:52
Rating:
