သနပ်ခါးတုံးဖြင့် ထုသတ်ကာ အလောင်းကိုမီးရှို့ခဲ့သော တရာခံအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်

တရားခံများကို လွိုင်ကော်ခရိုင်တရားရုံးသို့ အမိန့်ချမှတ်ရန် ခေါ်ဆောင်လာစဉ်
သနပ်ခါးတုံးဖြင့် ထုသတ်ကာ အလောင်းကိုမီးရှို့ခဲ့သော တရာခံအား ယနေ့ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့၌ လွိုင်ကော်ခရိုင်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် (၂၀) ချမှတ် လိုက်ပြီ ဖြစ်သည်။ တစ်ရွာတည်းနေ ဒေါ်ပိုးမြာကို သတ်သေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသဖြင့် လူသတ်ခဲ့သူနှင့် အလောင်းကိုမီးရှို့ဖျောက်ဖျက်ခဲ့သူ တရာခံ ဒေါ်ဗျားမြာကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အလောင်းဖျောက်ဖျက်ရာတွင် ပါဝင်ခဲ့သူ ဒေါ်ဗျားမြာ၏ခင်ပွန်း ဦးဝီရယ်နှင့် ၎င်း၏ တူတော်စပ်သူ နျားရယ်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၂၀၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီနှင့် မောင်ဌေးရယ်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လစီ အသီးသီးချမှတ်လိုက်ပြီဖြစ်သည်။

“ကျမကတော့ ဥပဒေနဲ့အညီ ပေါ်ပေါက်တဲ့ အတိုင်း ဆုံးဖြတ်ချက်ချလိုက်တာဖြစ်တယ်။” လွိုင်ကော်ခရိုင်တရားသူကြီး ဒေါ်လဲ့လဲ့ဝင်းက ပြောကြားသည်။


လွိုင်ကော်မြို့နယ် ထေးငှားလျားကျေးရွာ၌ ဖြစ်ပွားခဲ့သော ယင်းလူသတ်မှုတွင် လူသတ်တရာခံမှ အလောင်းအား အပိုင်းပိုင်းခုတ် မီးရှို့ပြီး ၎င်းနေအိမ်ဝန်းအတွင်းရှိ အိမ်သာကျင်းသို့ ပစ်ချခဲ့ခြင်းနှင့် အလောင်း၏ အစိတ်အပိုင်းအချို့အား အိတ်ဖြင့်ထည့်ကာ ဘီးလူးချောင်းတွင် သွားရောက်စွန့်ပစ်ခဲ့ကြောင်း တရာခံမှ ဝန်ခံပြောကြားပြီး ထိုသို့အတိုင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

သိန်း (၈၀၀) ကျော် ငွေကြေးချေးယူခြင်းနှင့် အရောင်းအဝယ်ဖက်စပ်လုပ်ကိုင်ရာမှ ဖြစ်လာသည့် ငွေကြေးအရှုပ်အထွေးအပေါ် အစပြု၍ အချင်းများပြီး လူသတ်သည့် အထိဖြစ်သွားရခြင်းဖြစ်ပြီး နေအိမ်မှ သြဂုတ်လ ၂၈ ရက်နေ့ကတည်းက ထေးငှားလျားကျေးရွာနေ ဒေါ်ပိုးမြာ အသက် (၄၂)မှ တရာခံ ဒေါ်ဗျာမြာမှ ငွေကြေးစာရင်းရှင်းရန် ဖုန်းဆက် ခေါ်ဆိုမှုအရ သွားရောက်ရာမှ စကားအချင်းများပြီး တရာခံမှ သနပ်ခါးတုံးဖြင့် ထုလိုက်ရာမှ သေဆုံးသွားခြင်းဖြစ်သည်။

အဆိုပါအမှုအား လွိုင်ကော်မြို့မရဲစခန်းမှ အမှုတည်ဆောက်ပြီး လူသတ်မှုတွင်ပါဝင်ပတ်သက်သူများကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ ၂၀၁ ဖြင့် လွိုင်ကော်ခရိုင်တရားရုံးတွင် တရားစွဲဆိုပြီးနောက် အဆင့်ဆင့်စစ်ဆေးကြားနာခဲ့ပြီးနောက် ယနေ့၌ နောက်ဆုံးအကြိမ် စီရင်ချက်အမိန့်ချလိုက်ခြင်း ဖြစ်သည်။

ရာဇသတ်ကြီး ပုဒ်မ ၃၀၂ တွင် (၁) မည်သူမဆို (က) တသက်တကျွန်းဒဏ် စီရင်ခံရသည့်အတွင်း သို့မတည်းဟုတ် (ခ) တင်ကူးကြံရွယ်ချက်ဖြင့်၊ သို့တည်းမဟုတ် (ဂ) ဤရာဇသတ်ကြီးအရ ခုနှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်း ခံထိုက်သောပြစ်မှုကို ကျူးလွန်နေစဉ် လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ (၂) မည်သူမဆို အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင် ထိုသူကို တသက်တကျွန်းဒဏ်ဖြစ်စေ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်ပြင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဆိုထားသည်။

ရာဇသတ်ကြီး ပုဒ်မ ၂၀၁ တွင် သက်သေခံပစ္စည်းဖျောက်ဖျက်မှု ပုဒ်မဖြစ်သည်။ အဆိုပါ ပြစ်မှုထင်ရှားလျှင် တသက်တကျွန်းဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ခြင်းခံထိုက်သော ပြစ်မှုဖြစ်ပါက သုံးနှစ်အထိ ထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ-စိုင်းလင်းလင်းဦး/ကန္တာရဝတီတိုင်း(မ်)
https://www.facebook.com/kantarawaddytimes/
သနပ်ခါးတုံးဖြင့် ထုသတ်ကာ အလောင်းကိုမီးရှို့ခဲ့သော တရာခံအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ် သနပ်ခါးတုံးဖြင့် ထုသတ်ကာ အလောင်းကိုမီးရှို့ခဲ့သော တရာခံအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ် Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.