မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ စကုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ထီးကြီးရပ်မှာ ဖေဖော်ဝါရီ(၇)ရက်ည(၁၀)နာရီ (၅၅)မိနစ် အချိန်ခန့်က မီးလောင်မှုကြောင့် နေအိမ်(၇)လုံးဆုံးရှုံးမှုဖြစ်ပွားခဲ့တယ်လို့ မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနကသိရပါတယ်။ အဲဒီမီးလောင်မှုဟာ နေအိမ်အနောက်ဘက်မှာ ချည်နှောင်ထားတဲ့ နွားတွေကို မှက်၊ ခြင်မကိုက်စေဖို့မီးဖိုထားရာကနေ မီးပွားလွင့်စင်ပြီး အကာကို ကူးစက်ကာ စတင်မီးလောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်မှုကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦးက မီးငြှိမ်းသတ်ယာဉ်(၂)စီး ၊ မီးသတ်ရေယာဉ်တစ်စီး၊ စကုနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေယာဉ်တစ်စီး၊ မီးသတ်စက်ယာဉ် တစ်စီး စုစုပေါင်း(၆)စီးနဲ့သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ည(၁၁)နာရီခွဲအချိန်မှ မီးလုံးဝငြှိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။
မီးလောင်မှုကြောင့် လူနေအိမ်(၇)လုံးနဲ့ ဆိုင်ကယ်ဟောင်း(၂)စီး၊ စက်ဘီးဟောင်း(၄)စီး မီးလောင်ခံရပြီး ခန့်မှန်းဆုံးရှုံးမှုတန်ဖိုးငွေကျပ် ငါးသိန်းခန့်ဖြစ်တယ်လို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရပါတယ်။
မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန်တို့ထိခိုက်ဒဏ်ရာ သေဆုံးမှုမရှိခဲ့ပေမယ့်မီးဘေးသင့်ပြည်သူ (၃၅)
ဦးရှိတယ်လို့ သိရပါတယ်။မီးဘေးသင့်ပြည်သူတွေဟာထီးကြီးရပ်ကွက် ဓမ္မာရုံနဲ့ နီးစပ်ရာဆွေမျိုးတွေအိမ်မှာ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။ ဒီသတင်းကို မကွေးဗျူရိုက စိုးစိုးဦးပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
စကုမြို့တွင် မီးလောင်မှုကြောင့် နေအိမ်(၇)လုံး ဆုံးရှုံး
Reviewed by THITHTOOLWIN
on
09:58
Rating:
