မြင်းခြံမြို့ မှာ လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ အိမ် (၅) လုံးမီးလောင်
လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ အိမ် (၅) လုံးမီးလောင်
မြင်းခြံ ၊ ဖေဖော်ဝါရီ - ၉
မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့ ၊ အမှတ် (၈) ရပ်ကွက်တွင် ဖေဖော်ဝါရီ (၉) ရက် ၊ ညနေ (၅း၅၀)နာရီအချိန်က လျှပ်စစ်ဝါ ယာရှော့ဖြစ် ရာမှနေအိမ် (၅) လုံးမီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ကြောင်းသိရှိရသည်။
မီးလောင်မှုဖြစ်ပွားသည့် အိမ်ပိုင်ရှင်မှာ ဦးသန်းထိုက်ဆိုသူဖြစ်ပြီး ၄င်း၏နေအိမ်အပေါ်ထပ် အနောက်တောင်ဒေါင့်မှစတင်၍ ဝါယာရှော့ဖြစ်ကာ လောင်ကျွမ်းခြင်းဖြစ်ပြီး ၊ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား (၁၀) စီး ၊ ရေသယ် ယာဉ် (၂) စီး ၊ ပုဂ္ဂလိကရေသယ်ယာဉ်(၄) စီး ၊ စည်ပင်သာယာအဖွဲ့ မှရေသယ် ယာဉ် (၂) စီး တို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ရာ ညနေ (၆း၁၀) နာရီအချိန်တွင် မီးကိုထိန်းသိမ်းနိုင်ခဲ့ပြီး (၆း၃၀) နာရီအချိန်တွင် လုံးဝငြိမ်းသတ်နိုင်ခဲ့သည် ။
 မီးငြိမ်းသတ်ရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအုန်းသွင် ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထူး ၊ မြို့မစခန်းမှူး ဒုတိယရဲမှူးဝင်းနိုင် ၊ ခရိုင် မီးသတ်ဦးစီးမှူး ဦးလှမင်းတို့မှ ကြီးကြပ်ပြီး ပြည်သူများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ အရံ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်းငြိမ်းသတ်ခဲ့ကြသည် ။
မီးလောင်ရာတွင်ပါဝင်သွားသော နေအိမ် (၅) လုံးမှာ သွပ်မိုး ၊ ပျဉ်ကာနှင့်ထရံကာအိမ်များ ဖြစ်ပြီး ၊ လူနှင့်တိရစ္ဆာန်များသေကြေပျက်စီးမှု မရှိကြောင်းသိရသည် ။ မီးလောင်သဖြင့်ဆုံးရှုံးမှုတန်ဘိုးမှာ ခန့်မှန်း (၂၄) သိန်း (၃) သောင်းခန့်ဖြစ်ကြောင်းနှင့်မီးလောင်မှုစတင်ဖြစ်ပွားသည့် အိမ်ပိုင်ရှင် ဦးသန်းထိုက်အား (ပ) ၃၇/၂၀၁၇ ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၂၈၅) အရ မြို့မရဲစခန်းတွင်အမှုဖွင့်အရေးယူထားကြောင်းသိရှိရ သည် ။
ဦးဇော်မင်းနိုင် ( မြင်းခြံ )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Powered by Blogger.