ရိုဟင်ဂျာ ၃ဝဝ မလေးရှားမှာ တရားဝင်အလုပ်ရ

မလေးရှားနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို UNHCR ရုံးရှေ့တွင်တွေ့ရစဉ်
မလေးရှားနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၃၀၀ ကို မတ်လ (၁)ရက်နေ့မှာ စတင်ပြီး တရားဝင်အလုပ် လုပ်ကိုင်ခွင့်ပေးမှာဖြစ်တယ်လို့ မလေးဒုဝန်ကြီးချုပ် Ahmad Zahid Hamidi က မနေ့ ကြာသာပတေးနေ့က ကြေညာလိုက်ပါတယ်။

တရားဝင်အလုပ်လုပ်ခွင့်ရလာမယ့်အတွက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကျန်းမာရေး အာမခံအပါအ၀င် အခြားခံစားခွင့်တွေရရှိလာဖို့ မျှော်လင့်ချက်တွေရှိနေသလို နောက်ထပ် ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် မလေးရှားနိုင်ငံကို ထပ်ရောက်လာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

အခုလို ရိုဟင်ဂျာဒုက္ခသည် တချို့ကို စတင်ပြီး မလေးရှားနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့်ပြုတာဟာ မလေးရှားအစိုးရရဲ့ ရှေ့ပြေးစမ်းသပ်မှုအစီအစဉ်ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကလည်း လူကုန်ကူးမှုပြဿနာ ဖြေရှင်းဖို့ နဲ့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မစေခိုင်းပြီး အမြတ်ထုတ်နေတာ တွေကို ကာကွယ်တားဆီးဖို့ဖြစ်တယ်လို့ ဒုဝန်ကြီးချုပ် Ahmad Zahid Hamidi ကပြောကြားခဲ့ပါတယ်။

ကြာသာပတေးနေ့က ကွာလာလမ်ပူမြို့တော်မှာ ဒုဝန်ကြီးချုပ် Ahmad Zahid Hamidi ကဦးဆောင်ပြီး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ကတာဝန်ရှိသူတွေနဲ့ ပူးတွဲကျင်းပတဲ့ အဆင့်မြင့်ဆွေးနွေးပွဲအပြီး ကြေညာချက် ထုတ်ပြန်ရာမှာ အခု စတင်မယ့်အစီအစဉ်ဟာဒုက္ခသည်ကဒ်ပြားကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာတွေအတွက်ပဲဖြစ်ပြီး သူတို့တွေဟာလည်း ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ စစ်ဆေးခံယူထားပြီးသာ သူတွေဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

မလေးရှားအစိုးရရဲ့ အစီအစဉ်မှာ ပါဝင်မယ့် ရိုဟင်ဂျာဒုက္ခသည်တွေဟာ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေထဲက ရွေးချယ်ထားတဲ့ ကုမ္ပဏီတွေမှာ ၀င်ရောက်လုပ်ကိုင်ရမှာဖြစ်ပါတယ်။ သူတို့တွေဟာ တတိယနိုင်ငံတွေကို ရွှေ့ပြောင်းအခြေမချခင်မှာ အတတ်ပညာကျွမ်းကျင်မှုနဲ့အတူ ၀င်ငွေလည်းရရှိမှာဖြစ်တယ်လို့ မလေးရှားဒုဝန်ကြီးချုပ်က ပြောပါတယ်။

အခုလို ရိုဟင်ဂျာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးမယ့် မလေးရှားအစိုးရဟာ ၂၀၁၅ခုနှစ်ကတည်းက လျာထာချက်ရှိပေမယ့် ၂၀၁၇ခုနှစ်မှ စတင်အကောင်အထည်ဖေါ်နိုင်တာဖြစ်ပြီး တရားဝင်လုပ်ကိုင်ခြင်းအားဖြင့် အခြားအကျိုးခံစားခွင့်တွေရရှိလာမှာဖြစ်တယ်လို့ မလေးရှားအခြေစိုက် Rohingya Society in Malaysia အဖွဲ့ ဥက္ကဌ ဖိုင်ဇဲလ် (ခေါ်) ဘိုမင်းနိုင်ကပြောပါတယ်။

“ကျနော်တို့ဒီ ရိုဟင်ဂျာဒုက္ခသည်တွေထဲက တချို့ကတော့ Legal ဖြစ်တဲ့ဟာနဲ့ တချို့က အလုပ်လုပ်ချင်တာပေါ့ ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာရှိတဲ့ ကျနော်တို့ UN card ပေးထားတယ်၊ အဲဒီ UN card နဲ့ သူတို့ Legally အလုပ်လုပ်လို့မရဘူး၊ တရားဝင်လုပ်လို့မရဘူး။ အဲလို တရားဝင်လုပ်လို့မရတဲ့အပေါ်မှာ သူတို့က တခါတလေ အဲလို သွားလာတဲ့အပေါ်မှာ ရဲတွေဘာတွေက မေးတာတို့ရှိတာပေါ့ ။ တကယ်တန်းကျတော့ သူတို့က နားလည်မူ Understanding နဲ့ အလုပ်လုပ်ခွင့်ပေးထားတာပေါ့နော် တကယ်တန်းကျတော့ officially ကလုပ်ခွင့်မရှိဘူး ဒါပေမယ့် သူတို့ ဘာမှမလုပ်ဘူး ဘာဖြစ်လို့လဲဆိုတော့ လုပ်ခွင့်က ပေးထားတယ် အဲလိုမျိုးပေါ့ ဒီလိုမျိုး Officially ပေးလာတယ်ဆိုတော့ ကောင်းတာပေါ့နော် ၊ ဒီလို Officially ပေးလာပြီဆိုရင် work permit ပေးမယ် ၊ သူတို့ Insurance ရမယ်၊ ကျန်းမာရေး၊ အသက်အာမခံတွေရှိလာမယ် အဲလိုမျိုးပေါ့နော် အဲဒါလည်းကောင်းတာပေါ့။”

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် မလေးရှားအစိုးရရဲ့ ရှေ့ပြေးအစီအစဉ်မှာ ပါဝင်ဖို့ လာပြီး လျှောက်လွှာတင်တဲ့ ရိုဟင်ဂျာ အယောက် ၁၂၀ လောက်ပဲရှိသေးပြီး အရေအတွက်အရ နည်းပါးနေသေးတယ်လို့ ဒုတိယပြည်ထဲရေးဝန်ကြီး Nur Jazlan ကဆိုပါတယ်။ အများစုက သူတို့လူမှုအသိုင်းအ၀ိုင်းမှာပဲရှိတဲ့ စီးပွားရေးနဲ့ အသေးစား လုပ်ငန်းတွေမှာပဲ လုပ်ကိုင်လိုကြပြီး စိုက်ပျိုးရေး လုပ်ငန်းမှာ မလုပ်လိုကြဘူးလို့ Mr. Jazlan ကပြောပါတယ်။

၂၀၁၆ခုနှစ် ဒီဇင်ဘာလ ထိ စာရင်းတွေအရ မလေးရှားနိုင်ငံမှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ဒုက္ခသည်အဖြစ်အသိအမှတ်ပြုထုတ်ပေးထားတဲ့ ကဒ်ပြားကိုင်ဆောင်ထားသူ ရိုဟင်ဂျာ စုစုပေါင်း ၅၆,၀၀၀ ရှိနေပါတယ်။

ဒီအတောအတွင်းမှာပဲမလေးရှားနိုင်ငံက Food Flotilla ဦးဆောင်တဲ့ NGO အဖွဲ့တွေဟာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိပြီး ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ၂၃ ရက်နေ့ထိ ပေးမှာဖြစ်ပါတယ်။

ဒါအပြင်မလေးရှားနိုင်ငံကနေ ရိက္ခာ၊ ဆေးဝါးနဲ့ တခြားကူညီထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်လာမယ့် မလေးရှားသင်္ဘောကတော့ရန်ကုန်ဆိပ်ကမ်းကို ဒီလ ဆန်းပိုင်းအတွင်းရောက်ရှိမှာဖြစ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရိုဟင်ဂျာ ၃ဝဝ မလေးရှားမှာ တရားဝင်အလုပ်ရ ရိုဟင်ဂျာ ၃ဝဝ မလေးရှားမှာ တရားဝင်အလုပ်ရ Reviewed by THITHTOOLWIN on 08:03 Rating: 5
Powered by Blogger.