လက်မှတ်မထိုးထားသေးတဲ့ အဖွဲ့အားလုံးကိုဖိတ်ခေါ်

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့က ပင်လုံကျောက်တိုင်ကွင်းမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပတဲ့ နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ Photo: Nay Thwae/ RFA
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ယုံကြည်မှုရှိရှိ သတ္တိရှိရှိနဲ့ NCA မှာ လက်မှတ်ရေးထိုးပြီး ၂၁ ရာစု ပင်လုံ ညီလာခံမှာ ပါဝင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံလိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့က ပင်လုံကျောက်တိုင်ကွင်းမှာ ဒီနေ့ ကျင်းပတဲ့ နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံလိုတယ်လို့ ပြောတာဖြစ် ပါတယ်။

" ကျမအနေနဲ့ အထူးပဲ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ ကျမတို့ရဲ့တိုင်းရင်းသားအစု အဖွဲ့တွေကို အထူးပဲမေတ္တာရပ်ခံချင်ပါတယ်၊ သတ္တိရှိရှိနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်စွာနဲ့ လက်မှတ်ထိုးလိုက်ပါ၊ ကျမတို့ရဲ့၂၁ ရာစုပင်လုံထဲမှာ ပါဝင်လိုက်ကြပါ၊ ကျမတို့ ပြည်သူ၊ ပြည်သားအားလုံး ဟာ ဒီပါဝင်မှုကြောင့် ဘယ်လောက်နှလုံးစိတ်ဝမ်းအေးချမ်းကြမယ်၊ ဘယ်လောက်ကျေးဇူးတင်ကြမလဲ၊ ဘယ်လောက်ပိတိဖြစ်ကြ မလဲဆိုတာ စဉ်းစားကြပါ"

ပင်လုံမြို့မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို အခမ်းအနားတစ်ခု အနေနဲ့မဟုတ်ဘဲ သမိုင်းရဲ့ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အသိအမှတ်ပြုထားတာဖြစ်ကြောင်း ပြောပါတယ်။

လွတ်လပ်ရေးခေါင်းဆောင်တွေ စတင်ထူထောင်ခဲ့တဲ့ ပင်လုံသမိုင်းကို အောင်အောင်မြင်မြင် နိဂုံးချုပ်ဖို့ အခုချိန်မှာ တာဝန်ကျရောက်လာပြီဖြစ်ကြောင်း နဲ့ ပြည်သူတွေရဲ့ ရေရှည်အကျိုးအတွက် စွန့်လွှတ် စွန့်စားရဲတဲ့ သတ္တိရှိဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ဘယ်သူတွေဟာ ပြည်သူတွေအကျိုးအတွက် ဆောင်ရွက်လဲ၊ စွန့်စားလဲဆိုတာကို ကောင်းကောင်း သိကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးအပေါ်မှာ သစ္စာရှိဖို့ ၊ မိမိတို့ရဲ့ လုပ်ရပ်တွေဟာ ငြိမ်းချမ်းရေးအတွက် ဘယ်လောက် အားပေးလဲ ဘယ်လောက်ထိရောက်မှုရှိလဲဆိုတာ သုံးသပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ စစ်မက်ဖြစ်ပွားနေတာတွေကို ငြိမ်းအေးအောင်လုပ်ဖို့ အားလုံးမှာ အခွင့်အရေး နဲ့ တာဝန်ရှိတယ်ဆိုတာကို ခံယူထားဖို့ လိုကြောင်းလည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အခမ်းအနားကို တက်ရောက်လာတဲ့ ပင်လုံစာချုပ်မှာ ပါဝင်လက်မှတ် ရေးထိုးခဲ့သူတွေ ရဲ့ မိသားစုဝင်တွေကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
လက်မှတ်မထိုးထားသေးတဲ့ အဖွဲ့အားလုံးကိုဖိတ်ခေါ် လက်မှတ်မထိုးထားသေးတဲ့ အဖွဲ့အားလုံးကိုဖိတ်ခေါ် Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.