ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကံကလေးကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် (၀၁း၀၀)နာရီအချိန်ခန့်က ခရီးသည်တင်မှန်လုံယာဉ်တစ်စီး လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့မှုကြောင့် ခရီးသည် တစ်ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။
အမှုမှာ ရန်ကုန်-ပုသိမ်ကားလမ်း၊မိုင်တိုင်အမှတ် ၇၉/၆ နှင့် ၇၉/၇ ကြား၊ကံကလေးကျေးရွာအနီိးတွင် ရန်ကုန်ဘက်မှ ပုသိမ်ဘက်သို့ ယာဉ်မောင်း သန့်ဇင်ဦး(ခ)စောငမန်း(၂၇)နှစ်၊နေသူမောင်းနှင်သော 7L/-------------ခရီိးသည်တင်မှန်လုံယာဉ်အနီရောင်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျတိမ်းမှောက်ခဲ့ရာ ရှမ်းပြည်နယ်၊လားရှိုးမြို့နေ ကျော်သေဖား(၂၂)နှစ်သည် ဦးခေါင်းကြေမွ ဒဏ်ရာဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး၊ ကျန်ခရီးသည်(၂၃)ဦးမှာ မစိုးရိမ်ရသည့်ဒဏ်ရာများ အသီးသီးရရှိသွားခဲ့ကြသည်။
အခင်းဖြစ်ရပ်အားစစ်ဆေးရာ ယာဉ်မောင်းသူမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် လှည်းဆိပ်ရဲကင်းစခန်းမှူး ရဲအုပ်ညွန့်အောင် ဦးစီးအဖွဲ့နှင့် ကျောင်းကုန်းမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်အောင်ကိုကိုလွင် တို့အဖွဲ့မှ ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိပြီး ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းဖြင့် လူကိုထိခိုက်သေဆုံး/နာကျင်စေသူ ယာဉ်မောင်းအားအရေးယူပေးပါရန် ရဲအုပ်ညွန့်အောင်မှ တရားလိုပြုလုပ်၍ ကျောင်းကုန်းမြို့မရဲစခန်းတွင် ယာဉ်(ပ)၈/၂၀၁၇၊ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျောင်းကုန်းမြို့ ကံကလေးကျေးရွာအနီး ခရီးသည်တင် မှန်လုံယာဉ်တိမ်းမှောက် တစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
19:54
Rating:
