ပြင်ဦးလွင်မှ မတ္တရာသို့ ဖြတ်လမ်းမှတစ်ဆင့် သွားလာနိုင်တော့မည်


မန္တလေး ဖေဖော်ဝါရီ ၂၀

ပြင်ဦးလွင်မြို့နယ် အနီးစခန်းကျေးရွာနှင့် မတ္တရာမြို့နယ် မန္တလေး-မတ္တရာကားလမ်း ပေါ်ရှိ ကျောက်တံတား ကျေးရွာတို့ကို ဆက်သွယ်ထားသည့် အနီးစခန်း - တောင်ခေါင်း -ကင်းရွာ - ကျောက်တံတား လမ်းကို ယခုအခါ ကျောက်ခင်းအမာခံ လမ်းအဖြစ် ဖောက်လုပ်နေပြီဖြစ်သည် ။

အဆိုပါလမ်းမှာ ၁၉၇၂ ခုနှစ် ဝန်းကျင်က ဖောက်လုပ်ခဲ့သောလမ်း ဖြစ်ပြီး နောင်တွင် သစ်ထုတ်လုပ်ရေး လမ်းအဖြစ် အသုံးပြုခဲ့သဖြင့် လမ်းမျက်နှာပြင်များ ဆိုးရွားစွာပျက်စီး လျက်ရှိပြီး လမ်းပေါ်ရှိ ချောင်းကူး ဘေလီတံတားများ မှာလည်း ပျက်စီးယိုယွင်းသွားခဲ့သည်။

အဆိုပါလမ်းပိုင်းတွင်ပါဝင်သော အရှည် ၁၃ မိုင်ရှိ တောင်ခေါင်း - ကင်းရွာ လမ်းပိုင်းကို NICO သတ္တုတူးဖော်ရေး ကုမ္ပဏီက ကျောက်ခင်းအမာခံလမ်း အဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်ပေး လျက်ရှိသည်။

တောင်ခေါင်း- ကင်းရွာလမ်းပိုင်းကို ကျောက်ခင်းအမာခံလမ်း ပထမအဆင့် ဖောက်လုပ်ပြီးစီးပြီဖြစ်၍ ကျောက် တံတားကျေးရွာမှ ကင်းရွာ၊ ကျောက် ဆည်လေး၊ စခန်းသာ၊ ဆီးဖြူပင်၊ တောင်ခေါင်းစသည့် ကျေးရွာများသို့ အလွယ်တကူဆက်သွယ် သွားလာနေ ကြပြီဖြစ်သည်။
ထို့အတူ အနီးစခန်း - တောင်ခေါင်း လမ်းပိုင်းကိုလည်း မြေသားပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေရာ ယခုအခါ ၅ မိုင်ခန့်ပြီးစီးနေပြီဖြစ်ပြီး ယင်းလမ်းမှာ အရှည် ၁၉ မိုင် ၇ ဖာလုံရှိကာ လမ်း ဖောက်လုပ်ရာတွင် ချောင်းကူးတံတား ၁၁ စင်းကိုလည်း တည်ဆောက်သွား မည်ဖြစ်ကြောင်း၊ လမ်းတစ်လျှောက် တွင် ဘယော ၊ မဟော်ရာ၊ လယ်တော စသည့် ကျေးရွာငယ်များ၊ တောင်ယာ တဲအိမ်စုများနှင့် ပုဂ္ဂလိကသစ်တော စိုက်ခင်းများရှိရာ ဒေသခံများမှာ လမ်းပန်းဆက်သွယ်ရေးမကောင်းသဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအခြေ အနေများနိမ့်ကျလျက်ရှိရာ အနီးစခန်း- တောင်ခေါင်း - ကင်းရွာလမ်းပိုင်းကို ရာသီမရွေးသွားလာနိုင်သည့် ကျောက် ခင်းအမာခံလမ်းအဖြစ် ဖောက်လုပ်ပေး သွားမည်ဖြစ်ပြီး ဆက်လက်၍ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် စီစဉ်နေကြောင်း ၎င်းက ပြောကြား ခဲ့သည်။

အဆိုပါလမ်း ဖောက်လုပ်ပြီးပါက ပြင်ဦးလွင်မှ မတ္တရာသို့ မန္တလေးမှ တစ်ဆင့် ကွေ့ပတ်သွားရန်မလိုတော့ဘဲ ယင်းဖြတ်လမ်းအတိုင်း ယာဉ်များ အလွယ်တကူ သွားလာနိုင်မည်ဖြစ်သည်။

အေးမြ(မန္တလေး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ပြင်ဦးလွင်မှ မတ္တရာသို့ ဖြတ်လမ်းမှတစ်ဆင့် သွားလာနိုင်တော့မည်  ပြင်ဦးလွင်မှ မတ္တရာသို့ ဖြတ်လမ်းမှတစ်ဆင့် သွားလာနိုင်တော့မည် Reviewed by THITHTOOLWIN on 09:32 Rating: 5
Powered by Blogger.