အစွန်းရောက် မျိုးချစ်စိတ်ကြောင့် ဦးကိုနီကို လုပ်ကြံတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဆို

မဘသ၊ ပြည်ခိုင်ဖြိုး၊ ယခင်ထောက်လှမ်းရေးအဖွဲ.ဟောင်း ယခုအမှုတွင် ပတ်သက်မှုမရှိဟု ပြည်ထဲရေးဝန်ကြီးပြောကြား
ရန်ကန်/ Myanmar Now--အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့အနီးကပ် ပစ်ခတ်သတ်ဖြတ်မှုက အစွန်းရောက် မျိုးချစ်စိတ်ကိန်းအောင်တဲ့ တပ်မတော်အရာရှိဟောင်းအချို.က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ယနေ့ရန်ကုန်မြို့၊ မူးယစ်ဆေးဝါးပြတိုက်မှာပြုလုပ် တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောဆိုခဲ့ပါတယ်။

မိမိတို့အနေနဲ့ တပ်မတော်ကထွက်တဲ့အရာရှိတွေကို ခိုင်းစေသွားခဲ့တဲ့အပေါ်မှာ တပ်မတော်နဲ့ အစိုးရကြားမှာ ကွဲစေချင်တဲ့ ဆန္ဒလား၊ ရွေးကောက်ပွဲမတိုင်ခင် ဦးကိုနီပြောဆိုခဲ့တာတွေနဲ့ ရွေးကောက်ပွဲပြီး NLD ပါတီအနိုင်ရလာချိန်မှာ ဦးကိုနီက သူ လုပ်နိုင်မယ့်အတိုင်းတာကို မလုပ်နိုင်တဲ့အတွက် သူ့နောက်ကွယ်က အသိုင်းအ၀ိုင်းက လုပ်ကြံလေသလားကိုလည်း ထည့် သွင်းစဉ်းစားခဲ့ရတယ်လို့ ၎င်း ဆက်ပြောပါတယ်။

“ကျနော်တို့ အမျိုးမျိုးချိန်ဆရပါတယ်။ တကယ်တမ်းစိစစ်တဲ့အခါမှာတော့ ဒီဟာဟာ မျိုးချစ်တဲ့စိတ် အစွန်းရောက်သွားတာ ပဲ။ အစွန်းရောက်တဲ့ မျိုးချစ်စိတ်တွေ ကိန်းအောင်ပြီးသွားတဲ့အချိန်မှာ လုပ်ကြံလိုက်တယ်လို့ ဖော်ထုတ်လို့ရတယ်” လို့ ၎င်း သတင်းထောက်များကို ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ယခုဖြစ်စဉ်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအ ဖွဲ့တို့နဲ့ ပက်သက်မှုမရှိဘဲ ယခင်က ဦးကိုနီရဲ့ ပြောကြားချက်တွေအပေါ်မှာသာ ပုဂ္ဂိုလ်ရေးမုန်းတီးမှုဖြစ်ခဲ့တာဖြစ်တယ်လို့ ၀န်ကြီးက ဆက်ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းနဲ့ ယခုအမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ ထောက်လှမ်းရေးဗိုလ်ကြီးဟောင်း ဦးဇေယျာဖြိုး၊ ဒုတိယဗိုလ်မှုးကြီးဟောင်း ဦးအောင်ဝင်းခိုင်တို့ဟာ တပ်မတော်အရာရှိဟောင်းတွေဖြစ်ကြတာကြောင့် သာမန်ပေါင်းသင်းဆက်ဆံ ရေးသာရှိပြီး ၂၀၁၆ ခုနှစ်မှာ သူတို့ ၃ ဦး တာမွေမြို့နယ်က မော်ဒန်လက်ဖက်ရည်ဆိုင်မှာတွေ့ရစဉ် ဖေ့စ်ဘွတ် လူမှု ကွန်ယက်တွေမှာ တွေ့နေရတဲ့ ဦးကိုနီရဲ့ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှုတွေကို လူငယ်သဘာဝအရ မကျေမနပ်ပြောဆိုဆွေးနွေးပြီး ဒီအမှုကို စတင်ရန်အကြောင်းဖန်ခဲ့ကြောင်း ၀န်ကြီးက ပြောပါတယ်။

လက်ရှိဖမ်းဆီးခံထားရသော ဦးဇေယျာဖြိုးဟာ ဦးအောင်ဝင်းခိုင်ကို ဦးကိုနီအားသတ်ရန်အတွက် ငွေကြေးထုတ်ပေးခဲ့သူဖြစ်ပြီး၊ ဦးအောင်ဝင်းခိုင်က ရာဇ၀တ်မှုဖြင့် ၂၀၁၄ တွင်ထောင်မှလွတ်လာသော သူ၏အစ်ကို ဗိုလ်ကြီးဟောင်း ဦးအောင်ဝင်းဇော်အား ဒီကိစ္စနဲ့ပတ်သက်ပြီး ထပ်မံတိုင်ပင်ညှိနှိုင်းခဲ့ကြောင်းသိရပါတယ်။
သို့သော် ပြည်ခိုင်ဖြိုးအမတ် ဦးလင်းဇော်ထွန်းကို ခေါ်ယူစစ်ဆေးရာတွင် ယခုအမှုတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း၊ လွှတ်တော်အမတ်တစ်ဦးဟာ ယခုအမှုကို ကျူးလွန်နိုင်ဖွယ်ရာမရှိကြောင်း ထို့ပြင် ဦးဇေယျာဖြိုးကဲ့သို့ အခြားသော ထောက်လှမ်းရေးဟောင်းများလည်း ပါဝင်မှုမရှိကြောင်း သူကဆိုပါတယ်။
“ထောင်လှမ်းရေးဟောင်းတွေဆိုတာလည်း တိုင်းပြည်ပျက်အောင် မကောင်းကြံမယ့်သူတွေမဟုတ်ဘူး” ဟု ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ဆိုပါတယ်။

ဦးဇေယျာဖြိုးဟာ အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ. (မဘသ) ဆရာတော်တွေနဲ့ နီးစပ်မှုရှိတာကြောင့် ဒီအဖွဲ.က ယခုကိစ္စမှာ သူ့အပေါ် သြဇာလွှမ်းမိုးမှုရှိနိုင်ပါသလားလို့ Myanmar Now ကမေးမြန်းရာမှတော့ ဆရာတော်သံဃာတော်များသည် ဗုဒ္ဓဘာသာသံဃာတော်များဖြစ်တဲ့အားလျော်စွာ သူတစ်ပါးအသက်ကိုမသတ်ရဟူသော ပါဏာတိပါတကံကို စောင့်ထိန်းသူများဖြစ်တဲ့အတွက် ပါဝင်ပတ်သက်နိုင်စရာမရှိဘူးလို့လည်း သူကဆိုပါတယ်။

ယခုအမှုနဲ့ပက်သက်ပြီး ဟောင်ကောင်နိုင်ငံက သံရုံးဝန်ထမ်းများအပြင် အမျိုးသား ၇၁ ဦး၊ အမျိုးသမီး ၃ ဦးတို့ကို ခေါ်ယူ စစ်ဆေးခဲ့ပြီး စစ်ဆေးချက်တွေအရ ကြိုတင်ကြံစည်ကာ ပြစ်မှုကျူးလွန်ကြသူများမှာ ဦးကိုနီကို သေနတ်ဖြင့် ပစ်သတ်သူ ဦးကြည်လင်း၊ ဦးဇော်ဝင်းဇော်၊ ထွက်ပြေးလွတ်မြောက်နေတဲ့ ဦးအောင်ဝင်းခိုင်နဲ့ ဦးဇေယျာဖြိုး၊ ကနဦး ငှားရမ်းစေခိုင်းခြင်း ခံရသူ နဂါးလေး (ခ) အောင်ကြည်စိုး (ခ) အောင်နိုင်မြင့်တို့ဖြစ်သည်ကို ကနဦး တွေ့ရှိရပြီး ဦးအောင်ဝင်းခိုင်ကို ဖမ်းမိနိုင်ခဲ့ မှသာ နောက်ဆက်တွဲ မည်သူတွေ ထပ်မံပါဝင်သလဲကို သိရှိရမှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
“လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းအပြင် ဟောင်ကောင်မှာရှိတဲ့ သံရုံးဝန်ထမ်းတွေကအစ ပေါ်ပေါက်ချက်တွေ ပေါ်မူတည်ပြီး ဘယ်သူကိုမှ မထိန်ချန်ထားပါဘူး။ အားလုံးကို ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့ပြီးဖြစ်ပါတယ်။ ဦးဇင်လင်းထွန်းကို လည်း ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့တာကို ရှင်းလင်းတင်ပြအပ်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲ ချုပ်ဦးဇော်ဝင်းက ဆိုပါတယ်။

ဦးကိုနီကို ပစ်သတ်သူ ဦးကြည်လင်းဟာ ၂၀၀၃ ခုနှစ်တွင် ဘုရားခိုးမှု ၃ မှုဖြင့် ထောင်ဒဏ် ၂၇ နှစ်ကျခံခဲ့ရပြီး ၂၀၁၄ ခုနှစ် မှာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သူဖြစ်ကြောင်း၊ ဦးအောင်ဝင်းဇော်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၄ သင်တန်းဆင်းပြီး ၁၉၉၆ ခုနှစ်မှာ ဗိုလ် အဆင့်ဖြင့် ခြေလျင်တပ်ရင်း(ခလရ) ၂၂၂ ဟုမ္မလင်းမှ တပ်မတော်အက်ဥပဒေပုဒ်မ ၄၃(ဃ) ဖြင့် ထောင်ဒဏ် ၂ နှစ်ကျခံခဲ့ ရသူဖြစ်သည့်အပြင် ၂၀၀၂ ခုနှစ်မှာ ဦးကြည်လင်းနဲ့အတူ ဘုရားခိုးမှု ၃ ခုဖြင့် ထောင်ဒဏ် ၂၇ နှစ် ကျခံခဲ့ရကာ ၂၀၁၄ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူတို့ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ခဲ့ပါ တယ်။

ဦးအောင်ဝင်းဇော်ကို ညွှန်ကြာစေခိုင်းသူ ၎င်းရဲ့ညီဖြစ်သူ ဦးအောင်ဝင်းခိုင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၆ သင်တန်း ဆင်းဖြစ်ပြီး တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ ၂၀၁၅ ခုနှစ်မှာ မိမိသဘောဆန္ဒနဲ့ နှုတ်ထွက်ခဲ့သူဖြစ်ကြောင်း၊ ငွေ ထုတ်ပေးသူ ဦးဇေယျာဖြိုးဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၈ သင်တန်းဆင်းဖြစ်ပြီး တပ်မတော်သတင်းစုဆောင်းရေး အ တက်သင်ကျောင်းမှာ ဗိုလ်ကြီးအဆင့်နဲ့တာဝန်ထမ်းဆောင်စဉ် ၂၀၁၄ ခုနှစ်နှစ်ကုန်ပိုင်းမှာ တပ်မတော်က အငြိမ်းစားပေး ခြင်းကိုခံလိုက်ပြီးနောက် ZYP မိုဘိုင်းဖုန်းအရောင်းဆိုင်ကုမ္ပဏီ၊ AIS ကုမ္ပဏီ၊ 38 – Group ကုမ္ပဏီနဲ့ ရွှေဝါဖြိုးကုမ္ပဏီတို့ ကို ထူထောင်ကာ အစုရှယ်ယာဝင်အဖြစ် ဆောင်ရွက်လျက်ရှိသူဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဦးဇေယျာဖြိုးရဲ့ ကမ်း လှမ်းချက်အရ ဦးအောင်ဝင်းဇော်ဟာ ၂၀၁၆ ခုနှစ်မှာ ရွှေဝါဖြိုးကုမ္ပဏီကို ပူးပေါင်းတည်ထောင်ပြီး မန်နေဂျင်းဒါရိုက်တာအ ဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

ဦးအောင်ဝင်းဇော်ဟာ ၂၀၁၆ ခုနှစ်မေလအတွင်းမှာ ဘီလင်းမြို့နယ်၊ တောင်စွန်းရဲဘက်စခန်းမှာ ရင်းနှီးခဲ့သူ တောင်ဒဂုံမြို့ နယ်က နဂါး(ခ)အောင်နိုင်မြင့်ကို ကျပ်သိန်း ၂၀၀ နဲ့ ကျပ် ၆၄ သိန်းတန် လိုင်စင်မဲ့ကားတစီးနဲ့ ဦးကိုနီကို စကေဘာဖြင့် ထိုး သတ်ရန်ညှိနှိုင်းပေးအပ်ခဲ့ပေမယ့် အဆင်မပြေပဲ နဂါးက ထွက်ပြေးတိမ်းရှောင်နေခဲ့တာကြောင့် နောက်ဆုံး ဦးကြည်လင်း ကို ကျပ်သိန်း ၂၀၀ တန် ကားတစီးနဲ့ ဦးကိုနီကို သတ်ရန်ညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထက်ခေါင်လင်း/ Myanmar Now
https://www.facebook.com/myanmarnownews
အစွန်းရောက် မျိုးချစ်စိတ်ကြောင့် ဦးကိုနီကို လုပ်ကြံတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဆို အစွန်းရောက် မျိုးချစ်စိတ်ကြောင့် ဦးကိုနီကို လုပ်ကြံတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဆို Reviewed by THITHTOOLWIN on 17:24 Rating: 5
Powered by Blogger.