အင်ဂိုလာနိုင်ငံ ဘောလုံးပြိုင်ပွဲတစ်ခုတွင် ပရိသတ်ကြား အချင်းချင်းတိုးဝှေ့ ရာမှ ၁၇ ဦးသေဆုံး

အင်ဂိုလာနိုင်ငံ အားကစားကွင်းတစ်ခုထဲတွင် နိုင်ငံ့အလံအား ဝှေ့ ယမ်း နေစဉ်(ဓာတ်ပုံ-အင်တာနက်)
    လုအန်ဒါ ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

    အင်ဂိုလာနိုင်ငံ Uige မြို့ မြောက်ပိုင်းရှိ ဘောလုံးကစားကွင်း တစ်ခုအတွင်း၌ ပရိသတ်ကြား အချင်းချင်း တိုးဝှေ့ ရာမှ အနည်းဆုံး လူပေါင်း ၁၇ ဦးသေဆုံးသွားကြောင်း ဒေသတွင်းသတင်းဌာနများ၏ ဖေဖော်ဝါရီလ ၁ဝ ရက် သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ ဝမ်းနည်းဖွယ်ရာအဖြစ်အပျက်သည် ဖေဖော်ဝါရီလ ၁ဝ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့သော Libolo အသင်း နှင့် Santa Rita de Cassia အသင်းတို့ ၏ ပြိုင်ပွဲ ပထမပိုင်း ၇ မိနစ်တွင် ရာပေါင်းများစွာသော ပွဲကြည့်ပရိသတ်များသည် ကွင်းအတွင်းဝင်ရောက်ရန် ကွင်းဝင်ဂိတ်ဝတစ်ခု၌ အချင်းချင်းတိုးဝှေ့ ကြစဉ် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

လူအုပ်ဖိမိခံရ၍ ဆေးရုံရောက်လာသူပေါင်း ၇၆ ဦး ရှိပြီး ၄င်းတို့ အနက် ၁၇ ဦး သေဆုံးသွားကြောင်း ၊ အများစုမှာ ဆယ်ကျော်သက်အရွယ် ကလေးငယ်များဖြစ်ပြီး အားကစားကွင်းအတွင်း တိုးဝှေ့ ဝင်ရောက်ရန် ကြိုးစားရင်း လူဖိခံရ၍ သေဆုံးသွားရခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ ဆေးရုံသတင်းအရင်းအမြစ်များက ဆိုသည်။ ထိုသို့ လူအုပ်တိုးဝှေ့ မှုဖြစ်ပွားပြီးနောက် လူ ၅ ဦးမှာ စိုးရိမ်စရာအခြေအနေတွင် ရှိနေကြောင်း သတင်းများကဆိုသည်။

အဆိုပါ အားကစားကွင်းသည် ပွဲကြည့် ပရိသတ် ၈ဝဝဝ ဦးသာ ဝင်ဆံ့နိုင်သော်လည်း ကွင်းအတွင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့သော လူအုပ်ကြီးမှာ အလွန်းများပြားကြောင်း မျက်မြင်သက်သေများက ဆိုသည်။ ထိုသို့ တိုးဝှေ့ ဝင်ရောက်ကြစဉ် အချို့ မှာ မြေပြင်ပေါ်သို့ လဲကျသွားကြောင်း ၊ အချို့ မှာ လဲကျနေသူများပေါ်မှ တက်နင်းသွားကြကြောင်း နှင့် မကြာသေးခင်က အမှတ်ရစရာများတွင် အားကစားပြိုင်ကွင်းအတွင်း အဆိုးရွားဆုံး မတော်တဆမှုတစ်ခုဖြစ်ကြောင်း ၄င်းတို့ က ပြောကြားခဲ့သည်။

အားကစားကွင်းအတွင်း ပရိသတ်ပြည့်နေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ နှင့် လုံခြုံရေးတာဝန်ကျများက တားမြစ်နေသည့်ကြားမှာပင် နောက်ထပ်လူရာပေါင်းများစွာက ကွင်းအတွင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

အင်ဂိုလာနိုင်ငံသမ္မတ Jose Eduardo dos Santos က အခင်းဖြစ်ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားရန် အမိန့် ထုတ်ပြန်ထားကြောင်း ဒေသတွင်းသတင်းမီဒီယာများက ရေးသားဖော်ပြသည်။

(Xinhua)
http://xinhuamyanmar.com
အင်ဂိုလာနိုင်ငံ ဘောလုံးပြိုင်ပွဲတစ်ခုတွင် ပရိသတ်ကြား အချင်းချင်းတိုးဝှေ့ ရာမှ ၁၇ ဦးသေဆုံး  အင်ဂိုလာနိုင်ငံ ဘောလုံးပြိုင်ပွဲတစ်ခုတွင် ပရိသတ်ကြား အချင်းချင်းတိုးဝှေ့ ရာမှ ၁၇ ဦးသေဆုံး Reviewed by THITHTOOLWIN on 11:31 Rating: 5
Powered by Blogger.