လှိုင်သာယာမြို့ နယ်ရှိ အထည်ချုပ် စက်ရုံ ပိတ်ဆို့ ဆန္ဒပြမှုအား ဖယ်ရှားရန် သတိပေးထား


ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

လှိုင်သာယာမြို့ နယ်ရှိ အထည်ချုပ် စက်ရုံ ပိတ်ဆို့ ဆန္ဒပြမှုအား ဖယ်ရှားရန် သတိပေးထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝင် ၊ ရခိုင် တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော် မနေ့က ဟန်ကျိုးပိုင်ရီက ပိုင်ရှင်နဲ့လဲ တွေ့တယ်။ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့လဲ တွေ့တယ်။ တွေ့ပြီးတော့ ကျွန်တော်က အလုပ်သမားတွေနဲ့ အတတ်နိုင်ဆုံး တောင်းဆိုတာကို လိုက်လျော ပေးဖို့ ပြောထားတယ်။ အလုပ်သမားတွေကိုလည်းပဲ ဒီလိုမျိုး စက်ရုံကို ပိတ်ဆို့ပြီး တော့ဆန္ဒပြတာဟာ ဥပဒေနဲ့ မညီညွတ်ဘူး။ နိုင်ငံရဲ့ ပုံရိပ်လဲ မကောင်းဘူး။ အလုပ်ရှင်မှာလဲ အရမ်းနစ်နာတယ်။ ဒါကို ဥပဒေ နဲ့ မညီညွတ်တာကို လုံးဝမလုပ်နဲ့ ၊ လုပ်ရင် ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်။ အဲ့ဒါကြောင့် ဒီနေ့ကစပြီး ဖယ်ပေးပါလို့ ကျွန်တော် သတိပေးထားပါတယ်။”ဟု ၄င်းက ပြောသည်။


“စက်ရုံထဲမှာ ရုန်းရင်းဆန်ခတ် တစ်ယောက်ကို တစ်ယောက် ရိုက်ကြပုတ်ကြ မှန်တွေကိုရိုက်ခွဲ၊ အခု အလုပ်သမားတွေက အလုပ်ရှင်ကိုလဲ ရိုက်ထားတယ် ။ အဲ့ဒါကို ရာဇဝတ်မှု ဖွင့်ထားတယ်။ ပစ္စည်းတွေကို ဖျက်ဆီးထားတယ်။ကားမှန်တွေ ရိုက်ခွဲထားတယ် ။ ဒါကိုလဲ ဥပဒေနဲ့ အညီ အရေးယူရမယ်လို့ ကျွန်တော် ပြောထားတယ်။”ဟု ရခိုင် တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က ထပ်မံ ပြောကြားခဲ့သည်။


ယခုအခါတွင် စက်ရုံအား ပိတ်ဆို့ ဆန္ဒပြနေသည့် အလုပ်သမားများ ပြန်လည် ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့  အလုပ်သမား ကိုယ်စားလှယ် ကိုအောင်ကျော်က ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းတွင် ပြောသည်။
“အခု လက်ရှိမှာတော့ ညှိပေးနေရင်းနဲ့ အဆင်ပြေသွားတဲ့အတွက် အလုပ်သမားတွေလဲ ပြန်ကုန်ကြပါပြီ။ အလုပ်သမားတွေဘက်က သပိတ် ရုပ်သိမ်း သွားပြီပေါ့နော်။”ဟု ကိုအောင်ကျော်က ပြောသည်။

ရန်ကုန်မြို့ ၌ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံထားသည့် အထည်ချုပ်စက်ရုံအား ဆန္ဒပြ အလုပ်သမားများက ဖေဖော်ဝါရီ ၂၃ ရက်တွင် ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့သော အဆိုပါ အဖြစ်အပျက် အပေါ် တရုတ်သံရုံးက မြန်မာအစိုးရအား တောင်းဆိုချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

(Xinhua)
China Xinhua News
လှိုင်သာယာမြို့ နယ်ရှိ အထည်ချုပ် စက်ရုံ ပိတ်ဆို့ ဆန္ဒပြမှုအား ဖယ်ရှားရန် သတိပေးထား လှိုင်သာယာမြို့ နယ်ရှိ အထည်ချုပ် စက်ရုံ ပိတ်ဆို့ ဆန္ဒပြမှုအား ဖယ်ရှားရန် သတိပေးထား Reviewed by THITHTOOLWIN on 22:32 Rating: 5
Powered by Blogger.