တပ်မတော်ကတရားစွဲဆိုထားတဲ ငြိမ်းချမ်းရေးပွဲပြဇာတ်ကတဲ့ လူငယ်(၉)ဦးဟာ ပုသိမ်မြို့နယ်တရားရုံးမှာဖေဖော်ဝါရီလ(၈)ရက်က ငွေကျပ်(၁၀)သိန်းနဲ့ အာမခံရယူလိုက်တယ်လို့သိရပါတယ်။ အဲဒီအမှုကို ဇန်နဝါရီလ(၂၅)ရက်က တရားရုံးတင် အတည်ပြုခဲ့တာဖြစ်ပြီး တရားစွဲဆိုခံရတဲ့ လူငယ်ကိုးဦးကို ဖေဖော်ဝါရီလ(၈)ရက်မှာတရားရုံးကို သမ္မာန်စာနဲ့ ဆင့်ခေါ်ခဲ့တာကြောင့် တရားရုံးမှာ တပ်မတော်ဘက်က စွပ်စွဲချက်တွေကို လျှောက်လွှာနဲ့ တောင်းခံခဲ့ပြီး ငွေကျပ်(၁၀)သိန်းနဲ့ အာမခံရယူခဲ့တယ်လို့ ပြဇာတ်ခေါင်းဆောင်ကိုအောင်ခန့်ဇော်က ပြောပါတယ်။
ပုသိမ်မြို့နယ်တရားရုံးမှာ ငြိမ်းချမ်းရေး သရုပ်ဖော်ပြဇာတ်ခေါင်းဆောင် ကိုအောင်ခန့်ဇော်ကို အသရေဖျက်မှု ဥပဒေပုဒ်မ (၅၀၀)နဲ့ အမှုဖွင့်စစ်ဆေးမှာဖြစ်ပြီး ကျန်တဲ့ လူငယ်(၈)ဦးကိုတော့ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၅၀၀/၃၄)နဲ့ အမှုဖွင့်စစ်ဆေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ အဲဒီလိုတရားစွဲခံရတဲ့ လူငယ်ကိုးဦးဟာတက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသား(၅)ဦးနဲ့  ပုသိမ်တက္ကသိုလ်နဲ့ အဝေးသင်တက္ကသိုလ်ပညာသင်ကြားနေတဲ့ ကျောင်းသား(၄)ဦးတို့ဖြစ်တယ်လို့သိရပါတယ်။
တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသား(၅)ဦးအတွက် လာမယ့်ရုံးချိန်းမှာ ထပ်မံတင်ပြသွားဖို့ ရှိတယ်လို့လည်း ကိုအောင်ခန့်ဇော်ကပြောပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၅၀၀/၃၄)နဲ့ အမှုဖွင့်ခံထားရတဲ့
တက္ကသိုလ်ဝင်တန်းကျောင်းသား(၅)ဦးထဲမှာ အသက်(၁၇)နှစ်မပြည့်သေးတဲ့ ကျောင်းသားတွေလည်းပါဝင်နေကာနောက်တစ်ကြိမ် ရုံးချိန်းကဖေဖော်ဝါရီလ(၂၀)ရက်ကို ချိန်းဆိုထားတယ်လို့သိရပါတယ်။
အဲဒီလိုတရားစွဲဆိုခံခဲ့ရတဲ့ လူငယ်(၉)ဦးဟာပုသိမ်ဟိုတယ်မှာ ဇန်နဝါရီလ(၉)ရက်ကပြုလုပ်တဲ့ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲမှာ စစ်ပွဲထောက်ခံတဲ့သူတွေကို သတင်းဌာနတစ်ခုက အင်တာဗျူးမေးမြန်းတဲ့ သရုပ်ဖော်ပြကွက်နဲ့ ကပြတင်ဆက်ခဲ့တာပါ။ အဲဒီလိုကပြတင်ဆက်ရာမှာ သုံးစွဲခဲ့တဲ့စကားလုံး အသုံးအနှုန်းတွေဟာ တပ်မတော်နဲ့တပ်မိသားစုဝင်တွေကို ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ ကပြဖျော်ဖြေမှုအဖြစ် သရုပ်ဖော်တင်
ဆက်တဲ့ လူငယ်ကိုးဦးကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်က စစ်ဦးစီးပထမတန်းအဆင့်ရှိ ဒုတိယဗိုလ်မှူးကြီးအောင်မျိုးခိုင် ကဇန်နဝါရီလ(၁၇)ရက်ကပုသိမ်မြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အဲဒီငြိမ်းချမ်းရေးပွဲပြဇာတ်ဗွီဒီယိုဖိုင်ကို လူမှုကွန်ယက်စာမျက်နှာပေါ်တင်ခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့မှာ ကိုထွန်းထွန်းဦးကိုလည်း ဒုတိယဗိုလ်မှူးကြီးအောင်မျိုးခိုင်က ပုသိမ်မြို့မရဲစခန်းမှာ ဆက်သွယ်ရေးပုဒ်မ(၃၄-ဃ)နဲ့ တရားစွဲဆိုထားတဲ့အတွက် ပုသိမ်မြို့နယ်တရားရုံးမှာအမှုရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဒီသတင်းကိုတော့ ရုပ်သံသတင်းထောက်စိုးသိမ်းက ပုသိမ်ဗျူရိုကနေပေးပို့ထားတာပါ။
Central News Bureau
https://www.facebook.com/skynetcnb/
တပ်မတော်မှ တရားစွဲထားသည့် ငြိမ်းချမ်းရေးပွဲပြဇာတ်ကသည့် လူငယ်(၉)ဦး ငွေကျပ်(၁၀)သိန်းဖြင့် အာမခံရယူ
Reviewed by THITHTOOLWIN
on
10:09
Rating:
