သေဆုံးသည်အထိစစ်ဆေးခဲ့ပြီး အလောင်းဖျောက်ခဲ့သည့် ရဲဝန်ထမ်းများနှင့် ရွာသားများကို အမှုဖွင့်


ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ရဲစခန်းတွင်မေးမြန်းစစ်ဆေးစဉ် အမျိုးသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြသည်ဟုဆိုကာ တရားစွဲဆိုခံရသည့် ရဲဝန်ထမ်း(၁၀)ဦးနှင့် အုပ်ချုပ်ရေးမှူးအပါအဝင်ရွာသား (၃)ဦးတို့အား ဖေဖော်ဝါရီ ၂ ရက်တွင် ပဲခူးခရိုင်တရားရုံးအမှတ်(၄)၌ ဒုတိယအကြိမ်ရုံးချိန်းခေါ်ဆိုခဲ့ကြောင်း သိရှိရသည်။

 ရွှေကျင်မြို့အနောက်ဖက် ဘောကထာနယ်မြေရဲစခန်းပိုင်၊ ဘောကထာရေအားလျှပ်စစ်စီမံကိန်းနယ်မြေအတွင်း မဘီးကြီးကျေးရွာအနီး ၂၀၁၆ ဒီဇင်ဘာ ၂၄ ရက်က မသင်္ကာဖွယ်တွေ့ရှိရသည့် အသက်(၃၀)အရွယ်အမျိုးသား တစ်ဦးအား ဘောကထာနယ်မြေရဲစခန်းမှ ရဲဝန်ထမ်း(၁၀)ဦးနှင့် မဘီးကြီးကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား(၃)ဦးက စစ်ဆေးခဲ့ပြီးနောက် အဆိုပါအမျိုးသားသည် ဒီဇင်ဘာ ၂၅ ရက်တွင် အချုပ်ခန်းအတွင်း သေ ဆုံးခဲ့ကာ ကျေးရွာသချိုင်းအနီး ရေမြောင်းတွင်စွန့်ပစ်ခံရပြီး လူသေမှုဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လူသတ်မှုတွေမှာ ရှေ့နေပါရပါမယ်။ တရားခံဖက်ကလိုက်နာဆောင်ရွက်တဲ့ ရှေ့နေကိုယ်စားလှယ်လွှဲစာ တင် တဲ့နေရာမှာ တရားခံနှစ်ဦးက ရှေ့နေမငှားနိုင်တဲ့အတွက် နိုင်ငံတော်စရိတ်နဲ့ ရှေ့နေငှားရမ်းနိုင်ဖို့အတွက် ခရိုင် ဥပဒေအရာရှိကို အကြောင်းကြားပေးခဲ့တယ်။”ဟု ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှ ဒုတိယခရိုင်တရား သူကြီး ဦးဌေးဝင်းကပြောသည်။

 သေဆုံးသူအမျိုးသားသည် မဘီးကြီးကျေးရွာအတွင်းသွားလာနေသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ က မသင်္ကာမှုဖြင့် ရိုက်နှက်စစ်ဆေးခဲ့ပြီး ဘောကထာနယ်မြေရဲစခန်းအား သွားရောက်အပ်နှံခဲ့ရာ ရဲတပ်ဖွဲ့ဝင် များက ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 ဘောကထာနယ်မြေရဲစခန်းမှ ရဲအုပ်တစ်ဦးအပါအဝင် ရဲဝန်ထမ်း(၁၀)ဦး၊ အုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာ သား(၃)ဦးတို့အား (ပ)၂၃/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ် ၃၀၂/၁၁၄ ဖြင့် ၂၀၁၇ ဇန်နဝါရီ ၃ ရက်တွင် ဘော ကထာနယ်မြေရဲစခန်းမှာပင် စခန်းမှူးဖြစ်သူကအမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
သေဆုံးသည်အထိစစ်ဆေးခဲ့ပြီး အလောင်းဖျောက်ခဲ့သည့် ရဲဝန်ထမ်းများနှင့် ရွာသားများကို အမှုဖွင့်  သေဆုံးသည်အထိစစ်ဆေးခဲ့ပြီး အလောင်းဖျောက်ခဲ့သည့် ရဲဝန်ထမ်းများနှင့် ရွာသားများကို အမှုဖွင့် Reviewed by THITHTOOLWIN on 10:38 Rating: 5
Powered by Blogger.