ချစ်သူများနေ့တွင် ဧရာဝတီတိုင်းအတွင်းရှိ ဟိုတယ်နှင့် တည်းခိုခန်းများကို ရှောင်တခင်စစ်ဆေးမည်


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့်တည်းခိုခန်းအားလုံးကို ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များမှ နေ့၊ည ရှောင်တခင်ဝင်ရောက် စစ်ဆေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်ထိုသို့စစ်ဆေးချိန်တွင် လင်မယားမဟုတ်ဘဲ တည်းခိုနေသည့် စုံတွဲများ၊ မှတ်ပုံတင်မပါဘဲ တည်းခိုနေသူများနှင့် နေထိုင်ရာမြို့တွင် ပြန်လည်တည်းခိုနေသူများကိုတွေ့ရှိပါက ဟိုတယ်၊ တည်းခိုခန်းပိုင်ရှင်များနှင့် တည်းခိုနေသူ များကိုပါ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်မှ ပြောကြားလိုက်သည်။
“ဟိုတယ်တွေ၊တည်းခိုခန်းတွေကိုလည်း အဲ့ဒီနေ့မှာ လင်မယားမဟုတ်တဲ့ စုံတွဲတွေကို လက်မခံဖို့ ကြိုတင်သတိပေးထားတယ်။ သူတို့မှာ လက်မခံဖို့စည်းကမ်းလည်း အစကတည်းက ရှိပြီးသားဘဲ။”ဟု ဧရာဝတီတိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

စစ်ဆေးရာတွင် တစ်ခုဝင်တစ်ခုထွက် စစ်ဆေးမည့်ပုံစံမဟုတ်ဘဲ စစ်ဆေးရေးအဖွဲ့မှ ၀င်ရောက်စစ်ဆေး
သင့်သည်ဟု ယူဆသောဟိုတယ်နှင့်တည်းခိုခန်းများကိုသာ ရှောင်တခင်ဝင်ရောက် စစ်ဆေးသွားမည် ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။
“ကျွန်တော်တို့အနေနဲ့ကတော့ လာရောက်တည်းခိုသူတွေကို လင်မယားဟုတ်၊ မဟုတ် စာရွက်စာတမ်းအ ထောက်အထားတွေ ယူလာခိုင်းလို့မရဘူး။ မှတ်ပုံတင်နှစ်ခုပါလာတဲ့ လူနှစ်ယောက်လာတည်းရင် တည်းခိုခွင့် ပေးရမှာပါပဲ။”ဟု ပုသိမ်မြို့ရှိ တည်းခိုခန်းမန်နေဂျာတစ်ဦးက ပြောသည်။

 ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် အမျိုးသားနှင့်အမျိုးသမီးစုံတွဲများအား အချိန်ပိုင်းတည်းခိုခွင့်ပြုထားသည့် ဟိုတယ်၊ တည်းခိုခန်းများကို မည်သို့ဆောင်ရွက်သွားရန်ရှိ၊မရှိ ကြယ်ပွင့်ပြမေးခွန်းတစ်ခုကိုလည်း ဖေဖော်ဝါရီလ (၁၀) ရက်နေ့ကကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စတုတ္တပုံမှန်အစည်းအဝေးတွင် ၀ါးခယ်မမြို့နယ်၊ ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းမှ မေးမြန်းခဲ့ကြောင်း သိရသည်။ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟိုတယ်ပေါင်းတစ်ထောင်ကျော်နှင့် တည်းခိုခန်းပေါင်း တစ်သောင်းကျော်
ကို တရားဝင်ဖွင့်ခွင့်ပြုထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဌာန စာရင်းများအရ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ချစ်သူများနေ့တွင် ဧရာဝတီတိုင်းအတွင်းရှိ ဟိုတယ်နှင့် တည်းခိုခန်းများကို ရှောင်တခင်စစ်ဆေးမည်  ချစ်သူများနေ့တွင် ဧရာဝတီတိုင်းအတွင်းရှိ ဟိုတယ်နှင့် တည်းခိုခန်းများကို ရှောင်တခင်စစ်ဆေးမည် Reviewed by THITHTOOLWIN on 10:53 Rating: 5
Powered by Blogger.