မြန်မာ့ရုပ်မြင်သံကြား ပရိသတ်များသည် မြန်မာ့ရုပ်မြင်သံကြားအပြင် ပုဂ္ဂလိကရုပ်မြင်သံကြားလိုင်းများ၊ ပြည်ပရုပ်မြင်သံကြား ဘီဘီစီ၊ ဗွီအိုအေ၊ စီအင်အင်စသည့် ရုပ်မြင်သံကြားလိုင်းများကိုပါ ကြည့်ကြပါသည်။
ဘီဘီစီ၊ စီအင်အင် ရုပ်မြင်သံကြားလွှင့်ထုတ်ချက်များမှာ အလွန်အားရစရာကောင်းသည်။ အရေးပေါ် သတင်းများဆိုလျှင် ချက်ချင်းသတင်းထောက်များ၊ ရိုက်ကူးရေးသမားများ သွားရောက်ပြီး ပြည်သူပရိသတ်ကို အချိန်နှင့်အမျှ ချက်ချင်းလွှင့်ထုတ်ပေးသည်။ သူတို့ဌာနမှာဆိုလျှင်လည်း ဤအဖြစ်အပျက်နှင့်ပတ်သက်၍ ဆွေးနွေးဝေဖန်ခန်းများ၊ ထင်မြင်ယူဆချက်များကိုလည်း အချိန်နှင့်တပြေးညီ ထုတ်လွှင့်သည်။
ပြည်သူ ပရိသတ်ကလည်း အလွန်စိတ်ပါဝင်စားစွာ ကြည့်ရှုကြသည်။ ဤသည်မှာ ချက်ချင်းဖြစ်ပေါ်သည့် သတင်းမှန်သမျှကို ဤသို့ပင် လွှင့်ထုတ်ကြသည်။ အကြမ်းဖက်ပစ်ခတ်မှု၊ ပေါက်ကွဲမှု စသဖြင့် မကြာသေးသောကာလက Chrlie Hebdo သတင်းစာတိုက်ကို မွတ်စလင် အကြမ်းဖက်သမားများ ၀င်ရောက်ပစ်ခတ်၍ သေကျေရသောသတင်း စသည်များကို အချိန်နှင့်တပြေးညီ ပြသသွားသည်။ ဖြစ်ပြီဆိုတာနှင့် ရုပ်သံဌာနက အပြေးအလွှား သွားရောက်ရိုက်ကူးရသည်။ ထိုအဖြစ်အပျက်ကို ရုပ်သံလွှင့် စတူဒီယိုတွင် ကျွမ်းကျင်ပညာရှင်များ၊ သက်ဆိုင်သူများက အချိန်နှင့်တပြေးညီ ဝေဖန်ဆွေးနွေးချက်များကို ထုတ်လွှင့်သည်။
အထူးသဖြင့် စစ်မြေပြင်တွင်ပင် သွားရောက်သတင်းယူကာ ပရိသတ်အတွက် သက်စွန့်ဆံဖျား တင်ဆက်ပြသသည်။ Amanpour ဆိုသော CNN သတင်းသမားဆိုလျှင် အမျိုးသမီးပင်ဖြစ်လင့်ကစား ပစ်ခတ်တိုက်ခိုက်နေသောနေရာကိုသွား၍ သတင်းယူသည်။ ရုပ်သံလွှင့်ရင်း ဒုံးကျည်နှင့်ပစ်ခတ်လျှင် ကမန်း ကတန်းခေါင်းငုံ့ကာ မြင်ကွင်းမှ ခေတ္တပျောက်သွားပြီးမှ ပြန်ပေါ်လာကာ ပြန်ပြီးသတင်းကို ပြောပြန်သည်။ ဤသို့လျှင် အသက်အန္တရာယ်ကိုပင် အလေးမထားဘဲ သတင်းကိုတင်ဆက်ပြသသည်။
ယခု မြန်မာ့ရုပ်မြင်သံကြားကိုလည်းကြည့်၍ အားမရသည်များကို ပြောလိုပါသည်။ ဇန်န၀ါရီ ၂၉ ရက် ညနေပိုင်းက ဦးကိုနီကို အကြမ်းဖက်သမားက လေဆိပ်မှာပင် ၀င်ရောက်ပစ်ခတ်လုပ်ကြံသွားသည်။ ဤသည်ကို ယနေ့ထိ အများသူငါများမှာ Facebook စာမျက်နှာ၊ အွန်လိုင်းစာမျက်နှာများတွင်သာ မရေရာ မသေချာစွာ တောပြောတောင်ပြော မျက်ရမ်းမှန်းဆချက်များကိုသာ ဖတ်ရှုနေကြရသည်။ တကယ်ဆိုလျှင် မြန်မာ့ရုပ်မြင်သံကြားဌာနက ဤသည်ကို အချိန်နှင့် တပြေးညီသွားရောက်ရိုက်ကူးပြသရမည်ဖြစ်သည်။
ပုဂ္ဂလိကရုပ်သံလွှင့်ဌာနများကိုတော့ မပြောလိုပါ။ ပြန်ကြားရေးဌာနအောက်က မြန်မာ့ရုပ်မြင်သံကြားကတော့ Breaking News အရေးပေါ်သတင်းဆိုလျှင် အချိန်နှင့်တပြေးညီ ထုတ်လွှင့်သင့်သည်။ မြန်မာ့ရုပ်မြင်သံကြားသည် ဖျော်ဖြေရေးကို ချည်းဇောင်းပေးနေသည်မှာ မသင့်တော်ဘူးဟု ထင်ပါသည်။ ဖြေဖျော်ရေးများ၊ ကြော်ငြာများကိုသာ ဦးစားပေးမနေဘဲ အရေးပေါ်အရေးကြီးသတင်းများကို အချိန်နှင့်တပြေးညီ ထုတ်လွှင့်သင့်သည်။ ထုတ်လွှင့်ရန် ကြိုးပမ်းသင့်သည်။
ယခုဖြစ်ပေါ်သောသတင်းမှာ အာဏာရပါတီ၏ ဥပဒေအကြံပေးပုဂ္ဂိုလ်ကို လေဆိပ်လိုနေရာမျိုးမှာ တံခါးမရှိ၊ ဓားမရှိဝင်ရောက်ပစ်ခတ် လုပ်ကြံသွားခြင်းဖြစ်သည်။ ဘယ်လိုလေဆိပ်မျိုးလဲ၊ လက်နက်ကို အလွယ်တကူကိုင်ဆောင်နိုင်သော နိုင်ငံမျိုးလည်း မဟုတ်။ ဤသတင်းထက်ကြီးသော သတင်း၊ အများပရိသတ် စိတ်အ၀င်စားဆုံး သတင်းမရှိတော့ပါ။
အချိန်နှင့်တပြေးညီ ထုတ်လွှင့်နိုင်ရန် ပြန်ကြားရေးဌာန မြန်မာ့ရုပ်သံမှာ ဘယ်လိုအခက်အခဲများ ရှိနေပါသလဲ။ သိချင်စမ်းပါဘိ။
ချစ်မောင်(အ၀ကျွန်း)
News Watch
https://www.facebook.com/NewsWatchJournal
အချိန်နှင့်တပြေးညီ ထုတ်လွှင့်သင့်တဲ့ မြန်မာ့ရုပ်သံ
Reviewed by THITHTOOLWIN
on
11:57
Rating:
