အမေရိကန်က အမြင့်ဆုံး ရေလှောင်တမံ ရေလျှံ


မိုးရွာသွန်းမှု များပြားမှုကြောင့် အမေရိကန်နိုင်ငံက အမြင့်ဆုံး ရေကာတာက ရေတွေလျှံကျနေပြီး ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းက ဒေသခံ ၁၈၀,၀၀၀ ကျော်ကို နေအိမ်တွေက စွန့်ခွာဖို့ အမိန့်ထုတ်ထားပါတယ်။

ပေ ၇၇၀ (၂၃၀ မီတာ) အမြင့်ရှိတဲ့ အော်ဗီးလ် (Oroville) ရေကာတာရဲ့ အရေးပေါ် ရေသွန်ပေါက်ဟာ ပြိုကျနိုင်တဲ့ အခြေအနေ ဖြစ်နေလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုအချိန်မှာ လျှံကျနေတဲ့ ရေပိုတွေ စီးဆင်းမှုကတော့ ရပ်သွားပါပြီ။


ဒါပေမယ့် အိမ်တွေကနေ လူတွေ စွန့်ခွာဖို့ ထုတ်ပြန်ထားတဲ့ အမိန့် ကိုတော့ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ တနင်္ဂနွေနှောင်းပိုင်းမှာ ဒေသဆိုင်ရာ ရဲအကြီးအကဲ ကိုရီဟိုနီးရားက ပြောပါတယ်။

အဲဒီဒေသမှာ နှစ်အတန်ကြာ မိုးခေါင်နေခဲ့ရာက အခု မိုးအများအပြား ရွာသွန်းပြီး နှင်းတွေလည်း ကျခဲ့လို့ ရေလှောင်တမံအတွင်းက ရေအမြင့်ပေဟာ မြင့်တက်လာခဲ့တာပါ။

ဒါဟာ နှစ် ၅၀ အတွင်းမှာ ပထမဦးဆုံး အကြိမ် အနေနဲ့ အော်ဗီးလ်ကန် အနီးတဝိုက်မှာ အရေးပေါ် အခြေအနေ တခု ကြုံတွေ့ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ရေအရင်းအမြစ် ဌာနရဲ့ တနင်္ဂနွေနေ့ အစောပိုင်း ထုတ်ပြန်ချက် မှာ ရေလှောင်ကန်ထဲက ရေပမာဏကို ထိန်းညှိနိုင်ဖို့ရာ ၁ စက္ကန့် မှာ ကုဗပေ ၁၀၀,၀၀၀ (၂,၈၃၀ ကုဗမီတာ) ရှိတဲ့ ရေတွေကို ရေသွန်မြောင်းထဲကို သွန်ထုတ်နေတယ်လို့ ဆိုခဲ့ပါတယ်။

အဲဒီ အနီးတဝိုက်က လူတွေကို နေအိမ်ကနေ စွန့်ခွာဖို့ အွန်လိုင်းလူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင် ကြေညာရာမှာ ဒါဟာ အစမ်းလေကျင့်နေမှု မဟုတ်ကြောင်း၊ အရေးပေါ်အခြေအနေ တကယ် ဖြစ်နေကြောင်း သုံးကြိမ်သုံးခါ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဆာကရာမင်တို မြောက်ပိုင်း ၆၅ မိုင် (၁၀၅ ကီလိုမီတာ) အကွာမှာ တည်ရှိတဲ့ လူဦးရေ ၁၆,၀၀၀ ရှိ အော်ဗီးလ်မြို့ခံတွေကို မြောက်ပိုင်းဘက်ကို ရွှေ့နေကြဖို့ ညွှန်ကြားထားပါတယ်။ ထိခိုက်နိုင်တဲ့ အခြား မြို့တွေက လူတွေကိုလည်း ဒေသဆိုင်ရာတာဝန်ရှိသူတွေ ညွှန်ကြားတဲ့ အတိုင်း လိုက်နာဖို့ အာဏာပိုင်တွေက အကြံပြုပါတယ်။

မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုနဲ့ ရွှံ့မြေဖုံးလွှမ်းတွေ အတွက် အရေးကြီး ကပ်ဘေးဒုက္ခ တခု အဖြစ် ကြေညာပေးဖို့ ပြည်ထောင်စု အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး အဖွဲ့ကို သောကြာနေ့မှာ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက တောင်းဆိုခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/
အမေရိကန်က အမြင့်ဆုံး ရေလှောင်တမံ ရေလျှံ အမေရိကန်က အမြင့်ဆုံး ရေလှောင်တမံ ရေလျှံ Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.