ကြည်လင်းမှာ ယင်းမာပင်ဇာတိဖြစ် ၊ ၄င်းတည်းခိုသည့် ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့မှ ၀င်ရောက်စစ်ဆေး


ဦးကိုနီကို လုပ်ကြံသော ကြည်လင်း၏ မွေးရပ်ဇာတိသည် ယင်းမာပင်မြို့နယ် စိုင်လျား ကျေးရွာဖြစ်ပြီး အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့နှင့် ရဲအရာရှိများက စိုင်လျားကျေးရွာရှိ မိသားစုဝင်များထံ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

အထူးစုံစမ်းစစ်ဆေး ရေးအဖွဲ့၊ စီအိုင်ဒီနှင့် ရဲအရာရှိ များ ပါဝင်သော အထူးအဖွဲ့သည် ဇန်န၀ါရီ ၃၀ ရက် နံနက် ၈ နာရီခန့်က စစ်ကိုင်းတိုင်းဒေ သကြီး ယင်းမာပင်မြို့နယ် စိုင်လျားကျေးရွာရှိ နေအိမ်တစ်အိမ်သို့ သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“လာတာတော့ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ရယ်၊ စီအိုင်ဒီရယ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရယ်က လာသွားတယ်။ ဒီမှာတော့ ဦးကြည်လင်းကို မသိဘူး။ ဦးဖိုးထူးပဲသိတယ်၊ ဓာတ်ပုံပြပြီး မေးတော့ ဟုတ်တယ်။ သူ့မိသားစုဝင်တွေ ကလည်း အတည်ပြုပေးတယ်” ဟု ယင်းမာပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက The Ladies သို့ ပြောသည်။

ဦးကိုနီကို လုပ်ကြံခဲ့သည့် ဦးကြည်လင်း (ခ) ဦးဖိုးထူးသည် မွေးချင်း ခုနစ်ဦးအနက် အကြီးဆုံးဖြစ်ပြီး အသက် ၁၈ နှစ် အရွယ်ကပင် ရွာမှ ထွက်ခွာသွားခဲ့သူ ဖြစ်သည်။ စိုင်းလျားကျေးရွာတွင် ဦးကြည်လင်း အမည်မခေါ်ဘဲ ဦးဖိုးထူး အနေဖြင့်သာ သိရှိကြခြင်းဖြစ်သည်။ ဆိုးသွမ်းသူတစ်ဦး ဖြစ်သော်လည်း ယင်းမာပင်မြို့နယ်အတွင်း တွင် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခဲ့ဖူးသူ မဟုတ်ကြောင်းလည်း ၎င်းကဆိုသည်။

“ညီအစ်ကိုမောင်နှမ ၇ ယောက်ရှိတဲ့အထဲမှာ သူတစ်ယောက်က နည်းနည်းဆိုးတယ်ပေါ့။ ကျန်တဲ့ သူ့မိသားစုဝင်တွေက အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နေတဲ့ သူတွေပါ။ လယ်ဆိုလည်း ဧက ၃၀ လောက် ရှိတယ်၊ အကုန်လုံးက ရိုးရိုးသားသားနေတဲ့ သူချည်းပဲ” ဟု ဦးစိုးဝင်းကပြောသည်။

ဦးကြည်လင်း (ခ) ဦးဖိုးထူးသည် စိုင်လျားကျေးရွာမှ ထွက်သွားပြီး နောက် ပိုင်းတွင် ဘုရားခိုးမှုဖြင့် ထောင်ကျခဲ့သည်။ ယင်းနောက်တွင် ရွာသို့ပြန်လာကာ တောင်ယာအလုပ်ကို တစ်နှစ်ခန့် လုပ်ကိုင်ပြီး ရွာမှပြန်လည်ထွက်ခွာ သွားကြောင်းလည်း ဦးစိုးဝင်းက ပြောသည်။

လုပ်ကြံသတ်ဖြတ်ခဲ့သူ၏ ထွက်ဆိုချက်အရ မန္တလေးမြို့ ချမ်းအေးသာ စံမြို့နယ်ရှိ ၃၄ လမ်း၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားရှိ နေအိမ်နှစ်လုံးကို ရှာဖွေစစ်ဆေးခဲ့သော်လည်း ၎င်းနေထိုင်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းက တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သူ ကြည်လင်းကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းမှာ မင်္ဂလာတောင်ညွန့်မြို့ နယ်၊ တောင်ညွန့်ကြီးရပ်ကွက်၊ ကျောင်းလမ်းရှိ မဟာအောင်မြေဗိမ္မာန် စာသင်ကျောင်းတိုက်တွင် တည်းခိုခဲ့ကြောင်း သိရသည်။

၎င်းတည်းခိုခဲ့သည့် ကျောင်းကို ရဲတပ်ဖွဲ့က ဝင်စစ်ဆေးခဲ့ရာ ကြည်လင်း အမည်ဖြင့် ကျောင်းတွင် တည်းခိုနေသူ မရှိကြောင်း၊ ဖိုးထူးအမည်ဖြင့် တည်းခိုနေသူရှိကြောင်း ကျောင်းထိုင် ဆရာတော်ထံမှ သိရှိရသဖြင့် ဖိုးထူး တည်းခိုခဲ့သည့် အခန်းကို ဝင်စစ်ဆေးခဲ့ရာ ကျောပိုးအိတ် တစ်လုံးထဲမှ ကြည်လင်း၏ အသုံးအဆောင် ပစ္စည်း ၁၅ မျိုးကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံခဲ့သော သေနတ်သမား ကြည်လင်းနှင့် ပတ်သက်သည့် ရဲတပ်ဖွဲ့က စစ်ဆေးခဲ့သည့် စစ်ချက် လျှို့ဝှက်စာအချို့ လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့ခဲ့သည်။

ယင်းစစ်ချက် လျှို့ဝှက်စာများ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ခြင်းမှာ မပေါက်ကြား သင့်ပဲ ပေါက်ကြားခဲ့ခြင်း ဖြစ်ပြီး လက်ရှိ လုပ်ကြံခံရမှု ကွင်းဆက် တရားခံများ ဖမ်းမိမှု သတင်းအချက်အလက်များကို အတည်မယူရန် လိုကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် လွှတ်တော် နှစ်ပတ်လည် အခမ်းအနား တက်ရောက်ခဲ့သည့် ရဲချုပ်ဇော်ဝင်းက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/
ကြည်လင်းမှာ ယင်းမာပင်ဇာတိဖြစ် ၊ ၄င်းတည်းခိုသည့် ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့မှ ၀င်ရောက်စစ်ဆေး ကြည်လင်းမှာ ယင်းမာပင်ဇာတိဖြစ် ၊ ၄င်းတည်းခိုသည့် ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့မှ ၀င်ရောက်စစ်ဆေး Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.