ထိုင်ဝမ်မှာ နှစ်စဉ် နှစ်သစ်ကူး လပွဲတော် ရောက်တိုင်း ဝက် ပြိုင်ပွဲ ကျင်းပလေ့ရှိပါတယ်။ ဝက်တွေကို တနှစ်လုံး အဆမတန် ကြီးထွားအောင် အစာတွေ ကျွေးပြီး ပြိုင်ပွဲဝင်စေတာပါ။ အကြီးဆုံးကောင်ကို အနိုင်ရသူ အဖြစ် သတ်မှတ်ပါတယ်။ ဒီနှစ် အနိုင်ရခဲ့တဲ့ အကောင်က အလေးချိန် ၈၄၄ ကီလိုဂရမ် (၁,၈၆၁ ပေါင်) စီးပါတယ်။
အနိုင်ရသူအတွက် ဆုလာဘ်က အခြား ဘဝတူ ကံမကောင်း အကြောင်းမလှတဲ့ ပြိုင်ပွဲဝင် အကောင်တွေနဲ့ အတူ အသတ်ခံရတာပါ။ ဒီလို ယစ်ပူဇော် သတ်ဖြတ်တဲ့ ပွဲတော်ကို ဒေသခံ တာအို ကျောင်းက ဦးစီးဆောင်ရွက်ပါတယ်။
ဝက်အသေကောင်တွေကို အမွှေးနှုတ်ပြီး သတ္ထုစင်ပေါ်မှာ အလှဆင် တင်ပါတယ်။ ပြီးတော့မှ အလှပြယာဉ်ပေါ်တင် မြို့ကို ပတ် စီတန်း လှည့်လည် ချီတက်ကြပါတယ်။
ဝက် အကြီး ပြိုင်ပွဲမှာ အနိုင်ရတဲ့ ဝက်ရဲ့ ပိုင်ရှင်ကတော့ ရွှေဝက်ရုပ်တု ဆု ချီးမြှင့်ခံရပြီး ဒါဟာ လာမယ့် တနှစ်လုံး အတွက် ကံကောင်းစေတယ်လို့ ယူဆကြပါတယ်။ အနိုင်ရ ဝက် ပိုင်ရှင် မိသားစုဟာ မြို့ကိုပတ်တဲ့ လမ်းတလျှောက်မှာ ဝက်ရဲ့ ဓာတ်ပုံကို သယ်ဆောင် ရပါတယ်။
တိရစ္ဆာန်အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကတော့ ဒီပွဲတော်ကို ရှုတ်ချကြပါတယ်။ ဝက်တွေကို မတန်တဆ ကိုယ်အလေးချိန်တိုးစေဖို့ အတွက် အစားအစာတွေ အဆမတန် ကျွေးခြင်း၊ လှုပ်ရှားသွားလာလို့ မရအောင် ချုပ်နှောင်ထားခြင်းတွေဟာ တိရစ္ဆာန် ညှဉ်းဆဲမှုမြောက်တယ်လို့ ဆိုကြပါတယ်။
ဘယ်လို ဝေဖန်ခံရမှုတွေ ရှိပေမယ့် နှစ်စဉ် နှစ်ကူး အချိန်အခါရောက်တိုင်း ဒေသခံ လူထု အမြောက်အမြားဟာ ဒီ ဝက်ပြိုင်ပွဲ ချီတက်မှုကို စိတ်ဝင်တစားနဲ့ ပါဝင် ဆင်နွှဲကြပါတယ်။
ဒီဓလေ့ဟာ ရှေးဦ အခြေချနေထိုင်သူတွေ ခေတ်ကတည်းက တည်တံ့ လာခဲ့ပြီး ဒေသတွင်းက ဆိုင်ရာပိုင်ရာ နတ်တွေကို အကာအကွယ်ပေးဖို့ ပသပူဇော်တဲ့ ပွဲတော် ဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/
ထိုင်ဝမ်က အငြင်းပွားဖွယ် ဝက် ယစ်ပူဇော်ပွဲ
Reviewed by THITHTOOLWIN
on
17:22
Rating:
