ဦးကိုနီကို လူငယ်သဘာဝပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် လုပ်ကြံခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိဟု ရဲချုပ်ဇော်ဝင်း ပြော


တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လူငယ်သဘာဝပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲချုပ်ဇော်ဝင်းက ပြောကြားခဲ့သည်။

ဦးကိုနီကို ပစ်ခတ်လုပ်ကြံရန်စီစဉ်သူများဖြစ်သည့် အောင်ဝင်းခိုင် ဇေယျာဖြိုးတို့သည် လူမှုကွန်ရက်ပေါ်တွင် ဖော်ပြပါရှိသည့် ဦးကိုနီ၏ပြောဆိုမှုများအပေါ် မကျေနပ်ခြင်းကြောင့် လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ရဲချုပ်က ပြောကြားခဲ့သည်။


“၂၀၁၆ ခုနှစ် ဧပြီလဆန်းမှာ အောင်ဝင်းခိုင်နဲ့ ဦးဇော်လင်းထွန်း (**အသံကြည်လင်ပြတ်သားမှုမရှိသဖြင့် ဒုတိယအမည်နာမ ကွဲလွဲနိုင်) တို့နဲ့ တာမွေမြို့နယ် မော်ဒန်လက်ဖက်ရည်ဆိုင်မှာ မကြာခဏ ၃ ဦး တွေ့ဆုံရာမှာ လူမှုကွန်ရက်များမှာ တွေ့နေကြရတဲ့ ဦးကိုနီရဲ့ ပြောဆိုလုပ်ကိုင်ဆောင်ရွက်နေမှုများကို ပြောဆိုဆွေးနွေးခဲ့ကြပြီးတဲ့အခါမှာ လူငယ်သဘာဝအရ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရှိရပါတယ်။ လက်ဖက်ရည်ဆိုင်ကအပြန်မှာ ကားပေါ်မှာ အောင်ဝင်းခိုင်က ဦးကိုနီကိုရှင်းပစ်မှကောင်းမယ်လို့ ပြောခဲ့ကြောင်း၊ ဇေယျာဖြိုးက အစ်ကိုဘယ်လိုလုပ်မှာလဲလို့မေးတဲ့အခါမှာ အောင်ဝင်းခိုင်က ၎င်းရဲ့အစ်ကို အောင်ဝင်းဇော် ထောင်ကျစဉ်က ချိတ်များရှိကြောင်း၊ ၎င်းတို့ကိုခိုင်းလျှင် အဆင်ပြေနိုင်ကြောင်း၊ ဒါကြောင့် အောင်ဝင်းဇော်နှင့် အရင်တိုင်ပင်မည်ဟုပြောခဲ့ပြီး နောက်တပတ်အကြာမှာ မော်ဒန်လက်ဖက်ရည်ဆိုင်မှာ ဇေယျာဖြိုးနဲ့ အောင်ဝင်းခိုင်တို့ ထပ်မံတွေ့ဆုံစဉ်မှာ အောင်ဝင်းခိုင်မှ အောင်ဝင်းဇော်နှင့် တိုင်ပင်ပြီးဖြစ်ကြောင်း၊ အောင်ဝင်းဇော်ကိုယ်တိုင်ကလည်း ဆောင်ရွက်လိုတဲ့ဆန္ဒရှိကြောင်းနဲ့ လိုအပ်တဲ့ ငွေကြေးကိုသာပံ့ပိုးစေလိုကြောင်း ပြောကြားခဲ့ကြောင်း ဇေယျာဖြိုးနဲ့ သက်သေများရဲ့ ထွက်ဆိုချက်များအရ အောင်ဝင်းခိုင်သည် ငွေသာရလျှင် ဘာမဆိုလုပ်မည့်သဘောရှိသူဖြစ်ကြောင်း သိရှိရပါသည်”ဟု ရဲချုပ် ဇော်ဝင်းက ဖတ်ကြားခဲ့သည်။


ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံမူးယစ်ဆေးဝါးပြတိုက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၄င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုရဲ
News Watch
https://www.facebook.com/NewsWatchJournal/
ဦးကိုနီကို လူငယ်သဘာဝပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် လုပ်ကြံခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိဟု ရဲချုပ်ဇော်ဝင်း ပြော ဦးကိုနီကို လူငယ်သဘာဝပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် လုပ်ကြံခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိဟု ရဲချုပ်ဇော်ဝင်း ပြော Reviewed by THITHTOOLWIN on 12:54 Rating: 5
Powered by Blogger.