ရပ်တန့်ထားသော မြောက်ဦးလေယာဉ်ကွင်း ဆက်လက်တည်ဆောက်သင့်ကြောင်း လွှတ်တော်တွင် အဆိုတစ်ရပ်တင်သွင်း


ခိုင်မင်းညို (ကျိန်းရိပ်မြေ) ၊ ဖေဖော်ရီ ၂၀

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နန်းကျကျေးရွာ၌ တည်ဆောက်နေသော လေယာဉ်ကွင်းအား ရပ်ဆိုင်းမထားဘဲ ဆက်လက်၍တည်ဆောက် သင့်သည်ဟု မြောက်ဦးမြို့နယ်မဲဆန္ဒနယ် မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က အဆိုတင်သွင်းခဲ့ကြောင်းသိရသည်။

၎င်းအဆိုအား ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ၌ ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ က တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ မြောက်ဦးလေယာဉ်ကွင်း ကို ရပ်နားမထားဘဲ ဆက်လက်တည်ဆောက်ရင် ဒေသခံပြည်လူများ ရဲ့ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့လေကြောင်းခရီသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တွေမှာ များစွာအထောက် အကူပြုနေပါတယ်၊ ပြီးတော့ လေယာဉ်ကွင်းတည်ဆောက်ပြီးရင် ခရီးသွားလုပ်ငန်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်လာမယ်လို့ မျှော်လင့်ခဲ့တာ အခုက ပစ်ပယ်ထားတာခံရတဲ့ ဒေသတစ်ခုဖြင်နေတယ်။ အဲဒါကြောင့် ရပ်မထာဘဲ ပြည်ထောင်စုရန်ပုံငွေနဲ့ဖြစ်ဖြစ်၊ ဘယ်သူ့ ရန်ပုံငွေနဲ့ ဖြစ်ဖြစ် မဖြစ်မနေ တည်ဆောက် သင့်ပါတယ်” ဟု ဦးထွန်းသာစိန် က အဆိုတင်ပြရာတွင် ပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်ကွင်း သည် မြောက်ဦးမြို့၏ အရှေ့ဖက် ၄.၅ မိုင်ခန့်အကွာ နန်းကျားကျေးရွား အနီးတွင် ရခိုင်ပြည်နယ်အစိုးအရဖွဲ့မှ (၂၀၁၅ -၁၆) ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း (၂၀၀၀) နှင့် (၂၀၁၆-၁၇) ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၂၀၀၀) စုစုပေါင်း ကျပ်သန်း (၄၀၀၀) တို့ဖြင့် ဆုထူစံကုမ္ပဏီမှာ တာဝန်ယူကာတည်ဆောက်ခဲ့ပြီး ယခု (၂၀၁၇-၁၈) ဘဏ္ဍာရေးနှစ် တွင် ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေမှာ ကျပ်သန်းပေါင်း (၁၄၂.၃၉၃) သာခွင့်ပြုထား သောကြောင့် လေ ယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းအား ရပ်ဆိုင်းထားလျက်ရှိကြောင်း သိရသည်။

“ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်အဖြစ် ဒီနှစ် တစ်လပိုင်း ၂၈ ရက်နေ့က မြောက်ဦးရောက်လာတယ် အဲဒီအချိန်မှာ ကျနော်က ဝန်ကြီးကို တင်ပြပါတယ်။ ဆိုတော့ အဲဒီအချိန်မှာ ဝန်ကြီးတစ်ဦးက စီးပွားရေးအရ တွက်ခြေ မကိုက်တဲ့အတွက် လို့ ပြန်ပြောတယ်။ စီးပွားရေးအရတွက်ခြေမကိုဘူးဆိုရင် အခုရေတွင်းတူး အခုရေကြည်သောက်လို့မရဘူး။ ရေရှည်ဖွံ့ဖြိုးရေးအတွက်စဉ်းစားရမယ် ။ နောက်ပြီးတော့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ မြို့ပြဒေသတည်ဆောက်ရေးကို တပြိုင်တည်းမသွားရင် ဒီလိုပဲ ဖွံ့ဖြိုးမှုနိမ့်ကျနေမယ် ။ အဲဒါကြောင့် မဖြစ်မနေ တည်ဆောက်ဖို့လိုအပ်ပါတယ် ” ဟု ၄င်း ကဆက်လက်၍ ပြောကြားခဲ့သည်။

ယင်း အဆိုနှင့်စပ်လျဉ်း၍ မင်းပြားမြို့နယ်မဲဆန္ဒမှ ပြည်နယ်လွှတ်ကို ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးလှသိန်းအောင် ကလည်း ထောက်ခံ ဆွေးနွေးခဲ့သည်။

“ ရခိုင်ပြည်နယ်ရဲ့ ငွေဝင်ပေါက်တစ်ခုဖြစ်လာမဲ့ နိုင်ငံတစ်ကာ ဝင်ငွေတွေကို ရရှိလာမဲ့ ဒီလေယာဉ်ကွင်း စီမံကိန်းကို ဖော်ဆောင်ရမှာဖြစ်တယ်၊ အဲဒီမှ ဒီဒုတိယအဆင်းရဲဆုံးဆိုတဲ့ နေရာက ကျော်သွားမှာလည်းဖြစ်တယ်။ ပြီးတော့ အရင်အစိုးရ လက်ထက်က အကောင်အထည်ဖော်ခဲ့တာကို အခုအစိုးအနေနဲ့ တာဝန်ခံယူပြီးတော့ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်တယ် ” ဟု ဦးလှသိန်းအောင် က ထောက်ခံ ဆွေးနွေးခဲ့သည်။

၎င်းအဆိုအား ပြည်နယ်လွှတ်တော်တွင် လက်ခံဆွေးနွေးရန်အတွက် ကန့်ကွက်သူမရှိ သဘောတူခဲ့ကြပြီး ဆက်လက်၍ ဆွေးနွေးလိုသူရှိပါက ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီအချိန်ကို နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရမည်ဖြစ်ကြောင်းသိရသည်။

ခိုင်မင်းညို (ကျိန်းရိပ်မြေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ရပ်တန့်ထားသော မြောက်ဦးလေယာဉ်ကွင်း ဆက်လက်တည်ဆောက်သင့်ကြောင်း လွှတ်တော်တွင် အဆိုတစ်ရပ်တင်သွင်း ရပ်တန့်ထားသော မြောက်ဦးလေယာဉ်ကွင်း ဆက်လက်တည်ဆောက်သင့်ကြောင်း လွှတ်တော်တွင် အဆိုတစ်ရပ်တင်သွင်း Reviewed by THITHTOOLWIN on 16:17 Rating: 5
Powered by Blogger.