လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ အစိုးရအတွက် ကိုးလအတွင်း ကန်ဒေါ်လာ သန်း ၂၀ ခန့် ရရှိ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဖြေကြားနေစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

    လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ နိုင်ငံတော်၏ အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းအတွက် ၂၀၁၆ ခုနှစ် မေလ ၅ ရက်နေ့ မှ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့ အထိ ၀င်ငွေ အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်ခန့် (၁၉၉၉၀၈၇၆ ဒသမ ၉၁) ရရှိခဲ့သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေး တွင် ပြောကြားခဲ့သည်။

“၅. ၅ . ၁၆ မှ ၃၁ .၁ .၁၇ နေ့ အထိ ကက်သုတ်ကြေးနီ ထုတ်လုပ်မှု ၂၃၂၆၆ ဒသမ ၅၀၄ မက်ထရစ်တန် အတွက် LME (London Metal Market) ရဲ့ ၃၁ .၁ .၁၇ နေ့  ပေါက်ဈေးဖြစ်တဲ့  မက်ထရစ် တစ်တန်မှာ အမေရိကန်ဒေါ်လာ ၅၉၂၁ ဖြင့် တွက်ချက်မှုအရ နိုင်ငံတော်က ရရှိငွေ စုစုပေါင်း ၁၉၉၉၀၈၇၆ ဒသမ ၉၁ ဒေါ်လာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မြိုင် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်း၏ “ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှ နိုင်ငံတော်၏ အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းကို တာဝန်လွှဲပြောင်းချိန်အထိ မည်မျှ ရရှိခဲ့သနည်း နှင့် ၂၀၁၆ ဧပြီလမှစ၍ မည်သို့ ဆောင်ရွက်သွားမည်တို့ ကို သိရှိလိုခြင်း” ဟူသည့် မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ပံတောင်းတောင် ကြေးနီသတ္တု ထုတ်လုပ်မှုအတွက် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Wanbao mining Ltd. တို့  ပူးပေါင်းထားသည့် Mynamar Wanbao Mining Co., Ltd. ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၀ ခုနှစ် မေလ ၅ ရက် နေ့ စွဲပါ ခွင့်ပြု မိန့် ဖြင့်လည်းကောင်း သတ္တုတွင်း ၀န်ကြီးဌာန ၂၀၁၀ ခုနှစ် မတ်လ ၅ ရက် နေ့ စွဲပါ ခွင့်ပြု မိန့် ဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်အရ ကြေးနီ သတ္တုတွင်း ကက်သုတ်ကြေးနီ ထုတ်လုပ်မှု အပေါ် ခွဲဝေ ခံစား သည့် ပြင်ဆင်ချက်စာချုပ် (Amendment to the Production Sharing Contract for Letpadaung Copper mine) ကို ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့ တွင် သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၁) သတ္တု လုပ်ငန်း မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် Wanbao Mining Co., တို့  လက်မှတ်ရေးထိုး ပြင်ဆင် ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါ ပြင်ဆင်ချက်အရ ကြေးနီ ထုတ်လုပ်မှုအပေါ် နိုင်ငံတော်က သတ္တုခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်နှင့် ခွဲဝေမှု အချိုး စုစုပေါင်း ၅၁ ရာခိုင်နှုန်း၊ Wanbao Ltd. က ၄၉ ရာခိုင်နှုန်းခြင်း ခွဲဝေ ခံစားကြရမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ၀န်ကြီးက ရှင်းပြခဲ့သည်။

အဆိုပါ စီမံကိန်းသည် ယခင် သတ္တုတွင်း ၀န်ကြီးဌာန၏ ၂၀၁၀ မတ်လ ၅ ရက် ခွင့်ပြုမိန့် အရ စတင် ခဲ့ရာ ၂၀၁၃ မတ်လ ၄ ရက်တွင် သက်တမ်း သုံးနှစ် ပြည့်ခဲ့သည်။ သို့ ရာတွင် ဒေသခံ ပြည်သူလူထုနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ရသည့်အတွက် လုပ်ငန်း နှောင့်နှေးခဲ့မှုများကြောင့် ပထမ အကြိမ် သက်တမ်းတိုး တစ်နှစ်နှင့် ခြောက်လ (၂၀၁၃ မေလ ၅ ရက်မှ ၂၀၁၄ နိုဝင်ဘာ ၄ ရက်ထိ) အားလည်းကောင်း၊ ဒုတိယ အကြိမ် သက်တမ်းတိုး တစ်နှစ်နှင့် ခြောက်လ (၂၀၁၄ နိုဝင်ဘာ ၅ ရက်မှ ၂၀၁၆ မေလ ၄ ရက် အထိ) အားလည်းကောင်းမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုခဲ့ သတ္တုတွင်း ထူထောင် မှု ကာလမှာ ၂၀၁၀ မတ်လ ၅ ရက်မှ ၂၀၁၆ မေလ ၄ ရက်အထိ စုစုပေါင်း ခြောက်နှစ်နှင့် နှစ်လ ကြာမြင့် ခဲ့ရသဖြင့် စီးပွားဖြစ် ထုတ်လုပ်မှုကို ၂၀၁၆ မေလ ၅ ရက်နေ့ မှသာ စတင် သတ်မှတ်ခဲ့ပြီး နိုင်ငံတော်က ထိုနေ့ နောက်ပိုင်းမှ စပြီး အကျိုးအမြတ်၏ ၅၁ ရာခိုင်နှုန်းကို ရရှိခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။

ကြေးနီ သတ္တုတွင်းမှ ၀န်ကြီးဌာနက ပစ္စည်း (in kind ) အနေဖြင့် ရရှိထားသည့် ဓာတ်သတ္တုခွန် ကက် သုတ် ကြေးနီ ၉၈၃ ဒသမ ၇၅၆ မက်ထရစ်တန်နှင့် အမှတ် (၁) သတ္တုလုပ်ငန်း ခွဲဝေမှုအချိုး ၁၆၈၂ ဒသမ ၄၁၇ မက်ထရစ်တန်တို့ ကို အခါအားလျော်စွာ တင်ဒါ ခေါ်ယူ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ အစိုးရအတွက် ကိုးလအတွင်း ကန်ဒေါ်လာ သန်း ၂၀ ခန့် ရရှိ  လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ အစိုးရအတွက် ကိုးလအတွင်း ကန်ဒေါ်လာ သန်း ၂၀ ခန့် ရရှိ Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.