အိမ်ခြေ ၃၀၀၀ ကျော်ဖြင့် ဘူးသီးတောင် မြို့သစ်တိုးချဲ့မည်

(ဓာတ်ပုံ- မြို့သစ်ချမည့်နေရာကို တာဝန်ရှိသူများ စစ်ဆေးကြည့်ရှုနေစဉ်)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်တွင် အိမ်ခြေများ ထူထပ်နေသဖြင့် မြို့သစ်တစ်ခုကို အိမ်ခြေ ၃၀၀၀ ကျော်ဖြင့် တိုးချဲ့ တည်ဆောက်သွားမည်ဟု သတင်းရရှိသည်။

၎င်းမြို့သစ်ကို များမကြာမီ ဖွင့်လှစ်တော့မည့် ပန်းဇင်းချောင်း တံတား အနီး ဘူးသီးတောင်မြို့ တစ်ဖက်ကမ်းတွင် တည်ဆောက်သွားမည်ဟု ဘူးသီးတောင်မြို့ အမှတ်(၇) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးက နိရဉ္စရာ သို့ပြောသည်။

မြေနေရာများကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၂ နာရီခန့်အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှုး၊ မြေစာရင်းဦးစီးနှင့် ဌာနဆိုင်ရာများမှ ကွင်းဆင်းသတ်မှတ်ခဲ့ပြီဟု သိရသည်။

“ ဘူးသီးတောင်မြို့ပေါ်မှာ လူနေအိမ်ထူထပ်နေတဲ့ အတွက် မြို့သစ်တိုးချဲ့ဖို့ လိုနေပါတယ်။ မြို့သူ မြို့သားတွေ အတွက်ရော ဌာနဆိုင်ရာ ဝန်ထမ်းများအတွက်လည်း နေအိမ်တွေ အသစ်တည်ဆောက်ဖို့ အခက်အခဲ တွေ့နေရတာကြောင့် မြို့သစ် တိုးချဲ့မယ့် စီမံကိန်းကို သက်ဆိုင်ရာက အကောင်အထည်ဖော်ရခြင်း ဖြစ်ပါတယ်” ဟု သူက ပြောဆိုသည်။


အသစ် တိုးချဲ့မည့် မြို့သစ် စီမံကိန်းတွင် အိမ်ခြေ ၃ဝ၇ဝ ခန့် ချထားရန် ရာတာထားပြီး သောက်ရေကန်၊ စာသင်ကျောင်း၊ ဈေး၊ အားကစားကွင်းနေရာများပါဝင်မည် ဖြစ်ကြောင်း သိရသည်။

လာမည့်မတ်လတွင် ဘူးသီးတောင်မြို့နှင့် ဆက်သွယ်မည့် ပန်းဇင်းချောင်းကို ဖြတ်သန်း တည်ဆောက် ထားသည့် တံတားအား ဖွင့်လှစ်မည် ဖြစ်ပြီး ရသေ့တောင်မှ ဖောက်လုပ်နေသည့် ကားလမ်လည်း ဘူးသီးတောင်မြို့ တစ်ဘက်ကမ်းသို့ ရောက်ရှိလာမည် ဖြစ်သဖြင့် ယခု မြို့သစ်ချမည့် နေရာမှာ စီးပွားရေးအရ အချက်အချာကျကာ စည်ကားလာမည့် နေရာ ဖြစ်ကြောင်း အများက ခန့်မှန်းထားကြသည်။

မဘုကေ
Narinjara
https://www.facebook.com/Narinjara
အိမ်ခြေ ၃၀၀၀ ကျော်ဖြင့် ဘူးသီးတောင် မြို့သစ်တိုးချဲ့မည် အိမ်ခြေ ၃၀၀၀ ကျော်ဖြင့် ဘူးသီးတောင် မြို့သစ်တိုးချဲ့မည် Reviewed by THITHTOOLWIN on 16:14 Rating: 5
Powered by Blogger.