ပန်ခမ်းဆွေးနွေးပွဲ အန်စီအေ စာချုပ်ကိုဝေဖန်

(၀ ဒေသ ပန်ခမ်း ခေါ် ပန်ဆန်းမှာ ပြုလုပ်နေတဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ ဆွေးနွေးပွဲကို တွေ့ရစဉ်) Photo: Nyi Rang (facebook)
ဝ ဒေသ ပန်ခမ်း ခေါ် ပန်ဆန်းမှာ ပြုလုပ်နေတဲ့ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ ၂ ရက်မြောက်နေ့ ဆွေးနွေးပွဲမှာ NCA ခေါ် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်အတိုင်းသွားမလား ဒါမှမဟုတ် တိုင်းရင်းသားအဖွဲ့တွေအားလုံး လက်ခံတဲ့ နည်းလမ်းအသစ်နဲ့ သွားကြမလားဆိုပြီး ဆွေးနွေးကြကြောင်း အမည်မဖေါ်လိုသူ တိုင်းရင်းသားအဖွဲ့က ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ NCA အပစ်ရပ်စာချုပ်မှာပါတဲ့ အားနည်းချက်တွေကို ပြုပြင်ပြောင်းလဲပြီးသွားမယ်ဆိုတဲ့ အဖွဲ့တွေနဲ့ NCA လမ်းကြောင်းအတိုင်းမဟုတ်ပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး သဘောတူတဲ့ လမ်းကြောင်းသစ်နဲ့ သွားမယ်ဆိုပြီး တင်ပြမူတွေရှိတဲ့အတွက် ဘုံသဘောတူညီချက်ရအောင် ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

မနက်ဖြန် ဆွေးနွေးပွဲ နောက်ဆုံးရက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဘုံသဘောတူညီချက်ကို ထုတ်ပြန်သွားမှာဖြစ်ပြီး အရင်က ပန်ခမ်းမှာပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲ နှစ်ခု ထက် ဒီတစ်ကြိမ်မှာ ဘုံသဘောတူညီချက်တွေပိုရလာပြီး ပိုမိုကောင်းမွန်လာတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောပါတယ်။

မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဥက္ကဌ ပေါက်ယူချန်းက ပင်လုံစိတ်ဓာတ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေကြားမှာ တူညီတဲ့ အဖြေတစ်ခုရအောင်ဆွေးနွေးမယ်၊ တိုင်းရင်းသား အရေးကို ဆွေးနွေးအဖြေရှာတဲ့အခါ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ဒီမိုကရေစီ၊ ဖက်ဒရယ်အရေး စတဲ့ ဝေါဟာရတွေကို ကိုယ်လိုသလို အဓိပ္ပါယ်ဖွင့်ဆိုနေမူတွေရှိတာကြောင့် ဒါကို တူညီတဲ့ သဘောထားတစ်ခုရယူကြဖို့ ပြောကြောင်း သတင်းမီဒီယာ တချို့မှာ ဖော်ပြထားပါတယ်။

NCA စာချုပ်နဲ့ ပတ်သက်ပြီး ဘုံသဘောတူချက်ရအောက် အဖြေရှာဖို့နဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို တန်းတူညီမျှတဲ့ ပုံစံဖြစ်ဖို့ညှိုနှိုင်းအဖြေရှာမယ် ဆိုတဲ့ အချက် ၄ ချက်ကို ၀ အဖွဲ့ခေါင်းဆောင် ပေါက်ယူချန်းက ပြောသွားတယ်လို့ သိရပါတယ်။

ဝ နဲ့ မိုင်းလားအဖွဲ့တို့ ဦးဆောင်ပြူလုပ်တဲ့ ဒီဆွေးနွေးပွဲကို လက်မှတ်မထိုးထားတဲ့ တိုင်းရင်းလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ကိုယ်စားလှယ် ၃၅ ဦး နဲ့ ဖိတ်ကြားထားတဲ့ ကိုယ်စားလှယ် ၂ ဦးတက်ရောက်ကြတယ်လို့ မနေ့က ထုတ်ပြန်တဲ့ ပန်ခန်းဆွေးနွေးပွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ပန်ခမ်းဆွေးနွေးပွဲ အန်စီအေ စာချုပ်ကိုဝေဖန် ပန်ခမ်းဆွေးနွေးပွဲ အန်စီအေ စာချုပ်ကိုဝေဖန် Reviewed by THITHTOOLWIN on 17:55 Rating: 5
Powered by Blogger.