ပြန်လည်ထူထောင်ရေး မြို့သစ် လေးကေ့ကော်တွင် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများလည်း အခြေချနေထိုင်


လေးကေ့ကော်၊ ဖေဖော်ဝါရီ၂၀။

ပြည်တွင်းတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူများနှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များ အတွက် ပြန်လည်ထူထောင်ရေး အစီအစဉ်ဖြင့် တည်ဆောက်ထားသည့် ကရင်ပြည်နယ် ၊ မြ၀တီ ခရိုင်အတွင်း ရှိ လေးကေ့ကော်မြို့သစ်တွင် မူလသတ်မှတ်ထားသူများအပြင် ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများလည်း လာရောက် အခြေချနေထိုင်သည်များ ရှိသည်ဟု ဟု လေးကေ့ကော်မြို့ တည်ဆောက်ရေးနှင့် စီမံခန့်ခွဲမှု ကော်မတီမှ အတွင်းရေးမှူး စောဌေးမြင့်အောင်က ပြောသည်။

လေးကေ့ကော် မြို့သစ်ကို ၂၀၁၅ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး စတင် တည်ထောင် စဉ်က ကရင်ပြည်နယ်အတွင်းရှိ ပြည်တွင်းတိုက်ပွဲများကြောင့် နေရပ်စွန့််ခွာသူများ နှင့် KNU တပ်ဖွဲ့ဝင်များ အတွက် ရည်ရွယ် တည်ဆောက်ထားခြင်းဖြစ်သည်။

ယင်းသို့ နေရာချထားပေးခြင်းနှင့် ပတ်သက်ပြီး စောဌေးမြင့်အောင်က “မြို့သစ်စီမံကိန်းက တိုက်ပွဲတွေကြောင့် မြေနေရာ စွန့်လွှတ်လိုက်ရတဲ့သူတွေ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ ပြန်လည်နေထိုင်ဖို့ဆိုပြီး စီစဉ်ပေမယ့် နေစရာတကယ့်ကို ခက်ခဲလို့ လာတောင်းတဲ့သူတွေကိုလည်း အချက်အလက်မှန်ရင်တော့ နေရာစီစဉ်ပေးပါတယ်” ဟု ဆိုသည်။


ယင်းကဲ့သို့ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများကို အချက်အလက်ခိုင်မာပါက မြေနေရာများ စီစဉ်ချထားပေး သော်လည်း နေထိုင်ရန် အဆောက်အဦကိုမူ မိမိအစီအစဉ်ဖြင့် တည်ဆောက်ရမည်ဖြစ်ကာ အဆိုပါမြေကို လွှဲပြောင်းရောင်းချရန် ခွင့်ပြုထားခြင်း မရှိဟုလည်း စောဌေးမြင့်အောင်က ဆိုသည်။

တည်ဆောက်ပြီး အချိန်မှ လက်ရှိ အချိန်ထိ လေးကေ့ကော်မြို့သစ်တွင် အိမ်ခြေပေါင်း ၆၅၀ ကျော်နှင့် လူဦးရေ ၃၂၀၀ ကျော်ရှိနေပြီ ဖြစ်သော်လည်း လျှပ်စစ်မီး မရရှိသေးပေ။
လေးကေ့ကော်မြို့တွင် တစ်နှစ်နီးပါး လာရောက်အဖြေချနေထိုင်သူ ဒေါ်အေးသန်းကမူ “ပထမက ရန်ကုန်မှာ နေပါတယ်။ သမီးက ဟိုဘက်မှာ (ထိုင်းနိုင်ငံ) အလုပ်လုပ်တယ်။ သမီးအိမ်ထောင်ကျတော့ မြ၀တီကို လိုက်လာတယ်။ မြ၀တီကမှတဆင့် ဒီကို ပြောင်းလာခဲ့တယ်။” ဟု ပြောသည်။

ဒေါ်အေးသန်းသည် လေးကေ့ကော်တွင် မြေနေရာရရှိသဖြင့် ၂၀၁၆ခုနှစ် မတ်လ ၇ရက်က စတင်ကာ လာရောက်အခြေချနေထိုင်သူ ဖြစ်ပြီး ဒေါ်အေးသန်းကဲ့သို့ ရန်ကုန်မှ လာရောက်နေထိုင်သူများလည်း ရှိပြီး ပဲခူး၊ လက်ပံတန်း နှင့် ရခိုင်မှ ရွှေ့ပြောင်းအလုပ်သမားများလည်း လာရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။

လေးကေ့ကော် မြို့သစ်တွင် လာရောက်နေထိုင်သူ အများစုမှာ အလုပ်အကိုင် ရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေရပြီး လာရောက် နေထိုင်ကြသူအများစုမှာ ကလေးနှင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အို အများစု နေထိုင်လျက်ရှိပြီး ဈေးရောင်း၊ တောင်ယာလုပ်ငန်းလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြသည်ဟု စုံစမ်းသိရသည်။

အဆိုပါ လေးကေ့ကော်မြို့သစ်စီမံကိန်းအတွက် မြေဧကပေါင်း ၁၈၀၀တွင် တန်ဖိုးနည်း အိမ် အလုံးပေါင်း ၁၅၀၀ ကို ၅နှစ်အတွင်း ဆောက်လုပ်ရန် လျာထားသည်။

လေးကေ့ကော်မြို့သစ်စီမံကိန်းကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ(၁) ရက်တွင် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးဇော်မင်းတို့က စတင်အကောင် အထည်ဖော်ခဲ့သည်ဟု မြို့၏ကမ္မည်းကျောက်စာတွင် ရေးထိုးထားသည်။

ယင်းမြို့သစ်ကို သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ပူးပေါင်း အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ-တေဇာအောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
ပြန်လည်ထူထောင်ရေး မြို့သစ် လေးကေ့ကော်တွင် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများလည်း အခြေချနေထိုင်  ပြန်လည်ထူထောင်ရေး မြို့သစ် လေးကေ့ကော်တွင် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများလည်း အခြေချနေထိုင် Reviewed by THITHTOOLWIN on 09:41 Rating: 5
Powered by Blogger.