ကျောက်ဖြူမြို့နယ်တွင် နွားများ ခွာနာလျှာနာရောဂါ ဖြစ်ပွား


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၄

ကျောက်ဖြူမြို့နယ်၊ ဆင်ဘုတ်ကျေးရွာအုပ်စု၊ စပါးထားရွာ၊ ကျွန်းချောင်ကျေးရွာတွင် နွားများ ခွာနာ လျှာနာရောဂါ (Foot-and-Mouth Disease)ကျရောက်နေ၍ မွေးမြူရေးနှင့်ကုသရေဦးစီးဌာနမှ ရောဂါထိန်းချုပ်ရေး သွားရောက် ဆောင်ရွက်နေရကြောင်း သိရသည်။

ကျောက်ဖြူခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာဟာထန်းဘွေက ‘‘ ရောဂါ ဖြစ်ပွား နေတာက ရက်ပေါင်းတစ်ဆယ်ကျော်လောက်ရှိပြီလို့ကြားတယ်။ မနေ့ကမှ ထွေအုပ်သို့ ရွာသားတွေ သတင်းလာပို့တယ်။ ကျနော်တို့ဌာနက ၀န်ထမ်းတွေ ရွာကိုရောက်သွားပါပြီ။ ကျွဲနွားတွေ ရောဂါမကူးစက်ဖို့ တစ်ရွာနဲ့တစ်ရွာ ဖြတ်သန်းသွားလာမှုမရှိအောင် အဆက်ဖြတ်ဖို့ အစည်းအဝေးလုပ်ခိုင်းထားတယ်။ ရဲတပ်ဖွဲ့ကိုလည်း အကူအညီပေးဖို့ တောင်းဆိုထားပါတယ်’’ဟုပြောသည်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်သော နွားခွာနာလျှာနာရောဂါသည် ဆင်ဘုတ်ကျေးရွာအုပ်စုမှတစ်ဆင့် ငလုံးစုကျေးရွာအုပ်စုသို့ ကူးစက်လာခဲ့သည်ဟု သိရသည်။ သို့သော်လည်း အသေအပျောက်မရှိသေးကြောင်း ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ ဟာထန်းဘွေကပြောသည်။

‘‘ ရောဂါတစ်ရက် နှစ်ရက်ဖြစ်ပြီး ဆေးမကုလိုက်ဘဲနဲ့ ပြန်ကောင်းသွားတဲ့အကောင်လည်းရှိတယ်။ ခွာနာ လျှာနာရောဂါအမျိုးအစား (၇)မျိုးရှိတယ်။ ဒီဒေသမှာအဖြစ်လေ့ဖြစ်ထရှိတာက (၃)မျိုးဖြစ်တယ်။ ဘယ်ရောဂါ အမျိုးအစားလည်းဆိုတာကို သွေးနမူနာယူပြီး ရုံးချုပ်ကိုပို့ရမယ်။ ရုံးချုပ်မှာ ဓာတ်ခွဲစမ်းသပ်ပြီးမှ ကာကွယ် ဆေးထုတ်ပေးလို့ရမယ်။ အခုကတော့ ၀န်းထမ်းတွေ ရောဂါထိန်းချုပ်ရေးနဲ့ ဆေးကုသရေး လုပ်နေကြတယ်’’ဟု သူက ပြောသည်။

ရောဂါလက္ခဏာမှာ ခြေထောက်နှင့် ပါးစပ်တွင် အရည်ကြည်အဖုကလေးများပေါက်လာခြင်း၊ ထိုမှတစ်ဆင့် အနာဖြစ်လာခြင်း၊ လမ်းမလျှောက်နိုင်ခြင်းနှင့် အစာမစားနိုင်ခြင်းတို့ဖြစ်လာကြောင်းသိရသည်။

နွားများ ခွာနာလျှာနာရောဂါသည် ကျောက်ဖြူမြို့နယ်တွင် လွန်ခဲ့သော(၁၀)နှစ်ကျော်က တစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ယခုနှစ်ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

ကျော်ဝင်း၊ ကျောက်ဖြူ
နိရဉ္စရာ
http://www.narinjara.com/burmese
ကျောက်ဖြူမြို့နယ်တွင် နွားများ ခွာနာလျှာနာရောဂါ ဖြစ်ပွား  ကျောက်ဖြူမြို့နယ်တွင် နွားများ ခွာနာလျှာနာရောဂါ ဖြစ်ပွား Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.