သထုံတွင် ရာဘာရောင်းဝယ်ရေးလုပ်ငန်း နေအိမ်ဂိုထောင်တစ်ခုမှ စတင်ကာ အဆောက်အဦ သုံးလုံး မီးလောင်မှုဖြစ်ပွား


သထုံ ၊ ဖေဖော်ဝါရီ ၊ ၁၈

မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက် ရှမ်းစုအလယ်တန် လမ်းနှင့်နန်းတော် ဦးလမ်းထောင့်ရှိ ဒေါ်ကြည်ရာဘာနှင့် ခြံသုံးပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း နေအိမ်ဂိုထောင်တွင် ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက် ၃ နာရီ ၀န်းကျင်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး အနီးဝန်းကျင်အိမ်များသို့ ကူးစက် လောင်ကျွမ်းခဲ့ရာမှ အဆောက်အဦ သုံးလုံး မီးကူးစက်လောင် ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒေါ်ကြည် ရာဘာရုံမှ လုပ်သားဖြစ်သူ ရာဇာထွန်း (ခ) ရာဇာ ၂၂ နှစ် (ဘ) ဦးတင်စိုး သထုံမြို့နေသူမှ နေအိမ်အောက်ထပ်ရှိ မီးပလပ်ခုံနှင့် Water Colder အား ဆက်သွယ်ထားသည့် ၁၁၀ မိန်းထုပ်အား ရာဘာပြားပေါ် တွင်တင်ထားကာ အသုံးပြုပြီးနောက် ပြန်မဖြုတ်မိ ဘဲ မေ့ကျန်ခဲ့သဖြင့် မိန်းထုပ်မှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မိန်းထုပ်က အပူလွန်ပြီး ရာဘာပြားတွေကို လောင်တာ ရာဘာပြားတွေက များတော့ လောင်အားကောင်းပြီး ဘေးကပ်ရပ် အိမ်တွေကိုကူးတာပေါ့၊ ဒီမီးလောင်မှုကို level 3 အဆင့် သတ်မှတ်ထားပြီးတော့ အနီးဝန်းကျင်မှာရှိတဲ့ မီးသတ်စခန်းတွေက မီးသတ်ယာဉ်တွေကိုပါ အကူခေါ်ပြီး ငြှိမ်းသတ်တာ မနက် ၅ နာရီလောက်မှာ မီးကို ထိန်းထားနိုင်ခဲ့တယ်” ဟု သထုံခရိုင်မီးသတ် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းကပြောသည်။


မီးလောင်ရာသို့ သထုံခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်၍ သထုံခရိုင်အတွင်းရှိ မီးငြှိမ်းသတ်ယာဉ် ၂၇ စီး၊ ရေသယ်ယာဉ် ၆ စီးခန့်ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများပူးပေါင်း မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ဝန်းကျင်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိ ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ရာဇာထွန်း (ခ) ရာဇာအား သထုံမြို့မရဲစခန်းမှ (ပ) ၂၇၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

သက်ဦး(သထုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
သထုံတွင် ရာဘာရောင်းဝယ်ရေးလုပ်ငန်း နေအိမ်ဂိုထောင်တစ်ခုမှ စတင်ကာ အဆောက်အဦ သုံးလုံး မီးလောင်မှုဖြစ်ပွား  သထုံတွင် ရာဘာရောင်းဝယ်ရေးလုပ်ငန်း နေအိမ်ဂိုထောင်တစ်ခုမှ စတင်ကာ အဆောက်အဦ သုံးလုံး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.