အင်းစိန်ဖော့ကန်တွင် မသန်စွမ်းလူငယ် တစ်ဦးအား လူအုပ်စုဖွဲ့ ၀ိုင်းရိုက်မှုဖြစ်ပွား


အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် မသန်စွမ်း လူငယ်ဖြစ်သည့် ကိုရဲရင့်နိုင်အား အရိုက်ခံရသည့် ဖြစ်စဉ်တွင် ကျူးလွန်သူများအား မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေအရ တရားစွဲဆိုနိုင်ရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ အမှုလိုက်ပါ ကူညီဆောင်ရွက်ပေးနေသည့် အကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်မျက်မမြင်ကျောင်း (ခ၀ဲခြံ)တွင် ကျင်းပပြုလုပ်သည့် မသန်စွမ်းလူငယ် မောင်ရဲရင့်နိုင်နှင့် ပတ်သက်သော မှုခင်းဖြစ်စဉ် သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ဇန်န၀ါရီ ၁၆ ရက် ည ၉ နာရီခွဲခန့်က အင်းစိန်မြို့နယ် ဖော့ကန်ဈေးအနီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနီးရှိ ကေသုံးလုံးဖုန်းဆိုင်ရှေ့တွင် ကိုရဲရင့်နိုင်မှာ ၎င်းကိုယ်ပိုင် ထီလှည်းဖြင့် ထီရောင်းရန် နေရာယူစဉ် ကားဖြင့် သစ်သီးရောင်းသူများနှင့် အချင်းများခဲ့သည်။ သစ်သီးရောင်းသူ ဦးဇေယျာမျိုးပါ ၇ ဦးမှ အုပ်စုဖွဲ့ဝိုင်းရိုက်သဖြင့် ကိုရဲရင့်နိုင်တွင် ဒဏ်ရာအပြင်းအထန် ရရှိပြီး အင်းစိန်မြို့ ပြည်သူ့ဆေးရုံကြီး၊ အရိုးအကြော ကုသဆောင်တွင် အတွင်းလူနာအဖြစ် ကုသခံယူရနေကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ထိုကဲ့သို့ ရိုက်နှက်ခံရသည့် ဒဏ်ရာများနှင့် ပတ်သက်ပြီး အင်းစိန်မြို့နယ် ရဲစခန်းသို့ တိုင်ကြားသည့်အတွက် ရဲစခန်းမှ (ပ)၁၀၁/၂၀၁၇ ရာသတ်ကြီးပုဒ်မ ၃၂၅/၁၁၄ အရ အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်ခြင်းများ ရှိသည်။ သို့သော်လည်း ကိုရဲရင့်နိုင်သည် မွေးရာပါ ညာလက် မပြည့်စုံသည့် မသန်စွမ်းသူတစ်ဦး ဖြစ်သည့်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ပုဒ်မ ၈၂ အရ ထပ်မံတရားစွဲဆို သွားမည်ဖြစ်ကြောင်း ဦးခင်မောင်မြင့်က ပြောသည်။

ဦးခင်မောင်မြင့်က “ကျွန်တော်တို့က ၂၀၁၅ ခုနှစ် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ပုဒ်မ ၈၂ တရားစွဲဆိုဖို့ ရှိတယ်။ ကာယကံရှင် ကိုယ်တိုင်က ရပ်တည်နိုင်ရင် ကျန်းမာရေးကောင်းလာရင် ကိုရဲရင့်နိုင် ကိုယ်တိုင်လက်မှတ်ရေးထိုး တရားစွဲဆိုရမှာ ဖြစ်တယ်။ သူမစွဲဆိုနိုင်သေးဘူး ဆိုရင် သူမိခင်ဖြစ်တဲ့ ဒေါ်ယဉ်ယဉ်နွယ်က စွဲမယ်။ ကျွန်တော်တို့က မသန်စွမ်းသူများ အဖွဲ့ချုပ်ကတော့ ဒီကိစ္စကို တရားရုံးရောက်ပြီးတော့ ဒီဥပဒေနဲ့အညီ သင့်လျော်တဲ့ပြစ်ဒဏ် ရရှိရေး နောက်ကနေ ပံ့ပိုး ဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်က အတည်ပြုခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေသည့် အထူးဥပဒေ တစ်ရပ် အဖြစ် တည်ရှိခဲ့သော်လည်း ဥပဒေပြဋ္ဌာန်းသည့် အချိန်မှစတင်ပြီး ယနေ့အချိန်အထိ မသန်စွမ်းသူများ အပေါ် ကျူးလွန်သူများအား ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အတွက် အဆိုပါ ဥပဒေ အသက်ဝင်မှု ရှိရေးအတွက် ကိုရဲရင့်နိုင်ဖြစ်စဉ်တွင် စတင်စွဲဆိုခြင်းဖြစ်ကြောင်း ဦးခင်မောင်မြင့်က ပြောသည်။

ဦးခင်မောင်မြင့်က “၂၀၁၅ ခုနှစ်မှ ဒီဥပဒေကြီးက ပြဋ္ဌာန်းလိုက်ပြီး ဥပဒေသဘောအရ ပြဋ္ဌာန်းတဲ့နေ့ကစပြီး အာဏာတည်ရမယ်။ အာဏာတည်တယ် ဆိုတာကို ပြည်သူတွေက မသိနိုင်ဘူး။ ဒီဥပဒေကိုကိုင်တွယ် ဆောင်ရွက်ရမယ့် တရားစွဲအဖွဲ့အစည်းတွေ ဖြစ်တဲ့ ရဲတို့၊ တရားရုံးတို့၊ အုပ်ချုပ်ရေးမှူးရုံးတွေက သိကိုသိနေရမယ်။ သိပြီးတော့မှ ဒါကိုဆောင်ရွက်လာခဲ့ရင် ဒီအထူးဥပဒေနဲ့ စွဲတင်ပြီးတော့မှ ပြစ်မှု ကျူးလွန်သူတွေကို ဟန့်တားပြီး ထိရောက်တဲ့ ပြစ်ဒဏ်ရပြီး မကျူးလွန်တော့မှာ ဖြစ်တယ်။ အခု ၀မ်းနည်းစရာကောင်းတာက ဥပဒေစာအုပ်ကြီး လက်ထဲထိုးပေးပြီးတော့ အရေးယူပေးဖို့ ပြောတာတောင် ရဲက ဒါနဲ့အရေးမယူပေးနိုင်ဘူး ပြောတယ်။ ဥပဒေနဲ့ ပတ်သက်ပြီး အသိပညာကို ပြည်သူတွေမှာ နည်းပါးတာ လက်ခံနိုင်သော်လည်းပဲ ဒီဥပဒေကို ကိုင်တွယ်ကျင့်သုံးနေတဲ့ ရဲတပ်ဖွဲ့လိုမျိုးက ဒီဥပဒေကို မသိဘူး။ ဒီဥပဒေ မရဘူးဆိုတာက အင်မတန်လွဲမှားနေတဲ့ ကိစ္စဖြစ်တယ်”ဟု ပြောသည်။

အရိုက်ခံရသူ ကိုရဲရင့်နိုင်အနေဖြင့် အရိုက်ခံထားရသည့်အတွက် ဦးခေါင်းအနောက်ပိုင်းတွင် ၆ ချက် ချုပ်လိုက်ရပြီး လယ်ဝဲဘက် လယ်တစ်ချောင်းလုံး ပြင်းထန်စွာ ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရကြောင်း ခေါင်းထိထားသည့် ဒဏ်ရာကြောင့် မကြာခဏ မူးမောခြင်းရှိကြောင်း မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်နွယ်က ပြောသည်။

စိုင်းဟန်
The Ladies News
https://www.facebook.com/News.TheLadies/
အင်းစိန်ဖော့ကန်တွင် မသန်စွမ်းလူငယ် တစ်ဦးအား လူအုပ်စုဖွဲ့ ၀ိုင်းရိုက်မှုဖြစ်ပွား အင်းစိန်ဖော့ကန်တွင် မသန်စွမ်းလူငယ် တစ်ဦးအား လူအုပ်စုဖွဲ့ ၀ိုင်းရိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.