ရှေ့နေဦးကိုနီနဲ့ ဦးနေ၀င်းတို့ကို အဖွဲ့ချုပ်သူရဲကောင်းတွေအဖြစ် ဒေါ်စု ချီးကျူး

ရှေ့နေ ဦးကိုနီနဲ့ ဦးနေ၀င်းတို့ဟာ NLD ပါတီရဲ့ တလပြည့် အခမ်းအနားကို တတ်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က ဂုဏ်ပြုပြောဆို
လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ရှေ့နေ ဦးကိုနီနဲ့ ဦးနေ၀င်းတို့ဟာ NLD ပါတီရဲ့ သူရဲကောင်းတွေဖြစ်ကြတယ်လို့ လုပ်ကြံခံရမှု တလပြည့် အခမ်းအနားကို တတ်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုပြောဆိုလိုက်ပါတယ်။ ဦးကိုနီသေဆုံးမှုနဲ့ပတ်သတ်လို့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့်လို့ ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိနေပေမယ့် ဦးကိုနီသမီးဖြစ်သူကတော့ ကြားဖြတ်သတင်းစာရှင်းလင်းပွဲသာဖြစ်သေးတဲ့အတွက် ဝေဖန်မပြောလိုပဲ၊ နောက်ဆုံးရလဒ်အထိ စောင့်ကြည့်သွားမယ်လို့ တုံ့ပြန်ပြောထားပါတယ်။ ရှေနေဦးကိုနီနဲ့ ဦးနေ၀င်းတို့ သေဆုံးခဲ့တဲ့ တလပြည့်အမှတ်တရအခမ်းနားကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့တော်ဝင်နှင်းဆီမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ရှေ့နေဦးကိုနီနဲ့ ကိုနေဝင်းတို့ရဲ့ ၁လပြည့်အောင်မေ့ဖွယ်အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တတ်ရောက်လာပြီး၊ သူတို့နှစ်ဦးဟာ အန်အယ်ဒီပါတီရဲ့ သူရဲကောင်းတွေအဖြစ် ဂုဏ်ပြု ပြောဆိုသွားပါတယ်။

“ကျမတို့ရဲ့ အဖွဲ့ချုပ်ထဲမှာ ရှေ့နေဦးကိုနီနဲ့ ကိုနေဝင်းတို့လို ပုဂ္ဂိုလ်တွေပါခဲ့တယ်ဆိုတာဟာ ကျမတို့အတွက် အင်မတန်မှ ကျေနပ်စရာကိစ္စတခုဖြစ်ပါတယ်။ ဂုဏ်ယူစရာဖြစ်ပါတယ်။ ကျမတို့အဖွဲ့ချုပ်အနေနဲ့ ဘယ်တော့မှ မမေ့ပါနဲ့ ကျမတို့ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရဲတဲ့အခြေအနေမှာ ၊ မလုပ်သင့်မလုပ်ထိုက်တာကို ကြောက်လို့ မလွန်ဆန်ရဲတဲ့အခြေအနေမှာ ဒီလို ကျမတို့ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေထဲက အာဇာနည်သူရဲကောင်းများ ကျမတို့ အဖွဲ့ ရဲ့ သားကောင်းများ ၊ နိုင်ငံတော်ရဲ့ သားကောင်းများ ရှိခဲ့တယ်ဆိုတဲ့ အသိကို အမြဲတမ်းပဲ အောင့်မေ့ပြီးတော့ အင်အားဖြည့်ကြပါစေ လို့ ကျမအနေနဲ့ ဆန္ဒပြုပါတယ်။”

ဒီလို ပြောဆိုခဲ့အပြီးမှာ ကျန်ရစ်တဲ့မိသားစုဝင်တွေကို သီးခြားတွေ့ဆုံနှစ်သိမ့်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံခဲ့ပေမယ့် မနေ့ကအငြင်းပွား ဖွယ် ဝေဖန်မှုတွေရှိနေတဲ့ ပြည်ထဲရေးဘက်က ဦးကိုနီလုပ်ကြံခံရမှုအပေါ်စစ်ဆေးတွေ့ရှိမှုထုတ်ပြန်ကြေညာချက်နဲ့ပတ်သတ်လို့တော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမရှိပါဘူး။ ဦးကိုနီသေဆုံးမှုနဲ့ပတ်သတ်လို့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့်လို့ ပြည်ထဲရေးဝန်ကြီးက ထုတ်ပြန်မှုနဲ့ပတ်သတ်လို့ဝေဖန်မှုတွေရှိနေတဲ့အပေါ် ဦးကိုနီသမီးဖြစ်သူဒေါက်တာရင်နွယ်ခိုင် ကတော့ ဘယ်လိုမှတ်ချက်မှမပေးလိုဘဲ စောင့်ကြည့် လိုသေးတယ်လို့ ပြောဆိုလိုက်ပါတယ်။

“နံပတ်၁ ကတော့ အမပြောရမယ်ဆိုရင် ဒါကလည်း သူတို့ အပြီးသတ် ရုံးတင်ပြီးတာတွေ မဟုတ်တဲ့အခါကျတော့ အမတို့ ဆက်ပြီးစောင့်ကြည့်ရပါမယ်။ ဆိုတော့ မိသားစုအနေနဲ့ လောလောဆယ်မှာ ဒီလောက်ပဲပြောချင်တယ် အကုန်လုံးအပြီးသတ် ရုံးတင်ပြီဆိုတဲ့အချိန်မှာတော့ မိသားစုအနေနဲ့ တခြားပြောစရာတွေ ရှိလာရင်ပြောပါမယ်။ အဆုံးသတ် အားလုံးပြီးသွားတဲ့နေ့မှ အမတို့ ကျေနပ်တယ်၊ မကျေနပ်ဘူးဆိုတာ အမတို့ ပြောပါမယ်။ ဒါအခုက ကြားဖြတ် သတင်းစာရှင်းလင်းပွဲ လို့ အမတို့ နားလည်ထားတယ်လေ။ ဆက်ပြီးတော့ Ongoing investigation လည်းဆက်ရှိနေမယ်လေ။ ရှိတဲ့အခါမှာ ဘာတွေထပ်ပြီးထွက်လာသလဲ ဆိုတာတွေအကုန်လုံး ပြီးမှပဲ ရုံးတင်ပြီဆိုတဲ့အချိန်မှာ အမတို့ ထွက်လာတဲ့အပေါ်မှာ မူတည်ပြီးအမတို့ မိသားစုတိုင်ပြင်ပြီးမှပဲ ကျေနပ်တယ်၊ မကျေနပ်ဘူးဆိုတဲ့ကိစ္စကို အမတို့ ပြောပါမယ်။ လောလောဆယ်မှာတော့အမ comment ပေးစရာမရှိပါဘူး။”

ဦးနေဝင်းဇနီးကတော့ ပြည်ထဲရေးဝန်ကြီးလုပ်ခဲ့တဲ့ ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲပြောဆိုချက်တွေဟာ စိတ်ပျက်အားလျော့စေတယ်လို့ ပြောဆိုလိုက်ပြီး တကယ်သတ်ခဲ့တဲ့ တရားခံ အစစ်ကို ဖမ်းပေးဖို့တောင်းဆိုလိုက်ပါတယ်။

“လက်တော့လက်မခံနိုင်ပါဘူး။ ဒါပေမယ့် သူတို့ပြောလိုက်တဲ့ဥစ္စာက မျှော်လင့်ချက် မဲ့သွားစေတာပေါ့နော်။ ကျမကတော့ တရားခံအစစ်ကို မိမယ်လို့ ကိုယ့်စိတ်ထဲမှာ ထင်ထားတာ အခုလိုမမိပဲနဲ့ သူတို့ဘက်က ကြေညာလိုက်တဲ့ အတွက် ကိုယ့်မျှော်လင့်ချက်တွေကတော့ ပြောက်ကွယ်သွားတာပါ။ အမဘက်ကတော့ မပြောတက်ပါဘူး ပြောလို့လည်းမဖြစ်ဘူးလေ၊ သူတို့ဘက်က အစီအစဉ်အတိုင်းပဲဆက်လုပ်ပါလို့၊ အမှုမှန်ကို ပေါ်စေချင်တယ် တရားခံကိုလည်း အမြန်ဆုံးမိစေချင်ပါတယ်၊ တကယ်လုပ်တဲ့တရားခံပေါ့နော် အဲဒါမှလည်း သူတို့သေရကျိုးနပ်မှာလေ၊ သူတို့ ကွယ်လွန်ရကျိုးနပ်မှာ။”

ဒီအမှုနဲ့ပတ်သက်ပြီး သေနတ်နဲ့ ပစ်ခတ်သူ ကြည်လင်းနဲ့ သူ့ကို အနီးကပ် ကြီးကြပ်စေခိုင်းသူ တပ်မတော်က ဗိုလ်အဖြစ်က ထုတ်ပယ်ခံရသူ အောင်ဝင်းဇော်နဲ့ သူရဲ့နောက်ကွယ်က ညီဖြစ်သူ အငြိမ်းစား ဒုဗိုလ်မှူးကြီး အောင်ဝင်းခိုင်တို့အပြင် တပ်မတော် သတင်းစုဆောင်းရေးတပ်က အငြိမ်းစား ဗိုလ်ကြီး ဇေယျာဖြိုးတို့ ပါဝင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ ဒီထဲမှာ အငြိမ်းစား ဒုဗိုလ်မှူးကြီး အောင်ဝင်းခိုင်ကတော့မမိသေးပါဘူး။ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်အပေါ် အခြေခံပြီး လူငယ်ဘာဝ လုပ်ကြံမှု ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကပြောဆိုထားချက်အပေါ် လက်ခံစရာမရှိဘူးလို့ဝေဖန်မှုတွေ ကရှိနေကြပါတယ်။

 မေခ/ ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရှေ့နေဦးကိုနီနဲ့ ဦးနေ၀င်းတို့ကို အဖွဲ့ချုပ်သူရဲကောင်းတွေအဖြစ် ဒေါ်စု ချီးကျူး ရှေ့နေဦးကိုနီနဲ့ ဦးနေ၀င်းတို့ကို အဖွဲ့ချုပ်သူရဲကောင်းတွေအဖြစ် ဒေါ်စု ချီးကျူး Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.