ဖေဖော်ဝါရီ ၅
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း တည်ရှိသော မဟာမုနိဘုရားရှိ စစ်အစိုးရလက်ထက်၌ ကပ်လှူခဲ့သော စလွယ်တော်အား ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်က ပြန်လည် ဖြုတ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယင်းသို့ မဟာမုနိဘုရားရှိ စလွယ်တော်ပြန်လည်ဖြုတ်ယူနိုင်ရေးနှင့်ပတ်သက်ပြီး အများပြည်သူများ ဆန္ဒဖြင့် ကျောက်တော်မြို့နယ်ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းမှဦးဆောင်ကာ မြို့နယ်သြ၀ါဒစရိယ ဆရာတော်များ ၊ ဘုရားဂေါပကလူကြီးများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း အဆင်မပြေသည့် အတွက် ယနေ့တွင် ဘုရားအား ရှေးမူအတိုင်းဖူးမျှော်ခွင့်ရရှိရန် ကျောက်တော် ၊ မြောက်ဦး ၊ စစ်တွေ ၊ မင်းပြား ၊ ပုဏ္ဏားကျွန်းမြို စသည့်မြို့နယ်များမှ ပြည်သူများက လာရောက်စုပေါင်းကာ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲအား ကျောက်တော်မြို့ သာသာနဗိမာန်တွင် နေ့လည် ၁၂ နာရီအချိန် စုရပ်ပြီး မဟာမုနိဘုရားသို့ ချီတက်ကာ လူပေါင်းသောင်းချီပါဝင်ခဲ့ကြောင်း ၊ ယင်းနောက် ဆန္ဒပြပွဲအား တန်းဖြုတ်ပေးခဲ့ရာ ဆန္ဒပြပြည်သူများက ဘုရားရင်ပြင်ပေါ်သို့ ဘုရားဖူးရန်တက်ရောက်ခဲ့ကြောင်း ၊ ရင်ပြင်ကိုရောက်သည့်အခါ ပြည်သူများက စလွယ်ကိုဖြုတ်ပေးရန်အတွက် စုပေါင်းကြွေးကြော်ကာ တောင်းဆိုခဲ့ကြသည့်အတွက် နောက်ဆုံးတွင် စလွယ်တော်အပြင် ဘုရားနှင့်မအပ်စပ်သော ဆက်စပ်ပစ္စည်းများကို ဖြုတ်ယူနိုင်ခဲ့ကြောင်း ၄င်းအရေးအား တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းက ပြောသည်။
ကိုဇော်ဝင်းက “ အခြေအနေကတော့ တော်တော်ရှုပ်ရှုပ်ထွေးထွေးဖြစ်ခဲ့တယ်။ ကျွန်တော်တို့က ဆန္ဒပြပြီးလို့ တန်းဖြုတ်လိုက်ပြီးတဲ့အခါမှာ ပြည်သူတွေက ဘုရားဖူးဖို့ ရင်ပြင်တော်ကို တက်သွားတယ်။ အဲဒီမှာ လူအုပ်ကြီးက ဒို့အရေး…ဒို့အရေးဆိုပြီး တောင်းဆိုကြတယ်။ ဆရာတော် များက ပြည်သူ့ဆန္ဒအတိုင်းပဲလို့ပြောတယ်။ အဲဒါနဲ့ ပြည်သူ ၃ ဦးက အများဆန္ဒတောင်းဆိုမှုအရ စလွယ်ကို ဖြုတ်တယ်ဆိုတဲ့အကြောင်းကို စာချုပ်တစ်ခုလုပ်ပြီး အဲဒီစာချုပ်မှာ အသိသက်သေတွေနဲ့ လက်မှတ်ထိုးတော့ စလွယ်နဲ့ တခြားဆက်စပ်ပစ္စည်းတွေကိုပါ ပြုတ်လိုက်ပါတယ် ” ဟု ပြောသည်။
အဆိုပါ ကျောက်တော်မြို့နယ်ရှိ သမိုင်းဝင် မဟာမုနိဘုရားတွင် ရွှေကပ်လှူပူဇော်မှုကြောင့် ဘုရားရှင်၏ ရင်ဘတ်တော် ၊ လက်မောင်းတော်များ မို့မောက်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရှေးမူလက်ရာမပျက်ရန် ဇန်န၀ါရီလ ၁၂ ရက်နေ့က မန္တလေးမှ ကျွမ်းကျင်ပညာရှင်များကို ခေါ်ယူကာ ရွှေများကို ပြန်လည်ခွာယူခဲ့ပြီး ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်းသိရသည်။
သက်နိုင် ၊
ဓာတ်ပုံ / ကိုဇော်ဝင်း ၊ Hanlin Ktw
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
မဟာမုနိဘုရားရှိ စလွယ်တော်အား ဖြုတ်ယူနိုင်ပြီ
Reviewed by THITHTOOLWIN
on
04:55
Rating:
