ရွှေလုပ်ကွက်ဟောင်းပြိုကျမှုကြောင့် ခုနှစ်ဦးသေဆုံးကာ လေးဦးသာတူးဖော်ရရှိသေး

ဓာတ်ပုံ - ထိန်ကုန်းကျေးရွာရှိ ရွှေလုပ်ကွက်ဟောင်းတစ်ခု
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာအနီးရှိရွှေလုပ်ကွက်ဟောင်းတစ်ခုသည် ဇန်န၀ါရီလ ၂၉ရက်နေ့ကပြိုကျမှုဖြစ်ပွားခဲ့ကာ ခုနှစ်ဦးသေဆုံးခဲ့ပြီး လေးဦးသာတူးဖော်ရရှိထားကြောင်း ထိန်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်က ရှမ်းနီအသံသို့ပြောကြားသည်။

အဆိုပါ ပြိုကျမှုသည် ဇန်န၀ါရီလ၂၉ရက်နေ့ကဖြစ်ပွားခဲ့ပြီးယနေ့ ဇန်န၀ါရီလ၃၁ရက်ညနေချိန်ထိ တူးဖော်ရရှိသူနှစ်လသားအရွယ် ကလေးငယ်တစ်ဦးအပါအ၀င် လေးဦးရှိပြီဖြစ်ကြောင်း သိရသည်။

သေဆုံးသူခုနှစ်ဦးရှိပြီး ပြန်လည်ရရှိပြီးသူလေးဦးမှာမငွေကြည် (ခ)မနွယ် အသက်(၃၈)နှစ်၊မသဉ္စာဝင်း အသက်(၂၅)နှစ်၊မသင်းသင်းလှိုင် (ခ) မနန်းနန်းနှင့် ၄င်း၏နှစ်လသားအရွယ် ကလေးငယ်တို့ဖြစ်ပြီးဦးသာရွှေ အသက်(၄၁)နှစ်၊ဦးမောင်စိုးအသက်(၄၁)နှစ်၊မောင်ပြည့်စုံအောင် အသက် (၈)နှစ် တို့ကိုဆက်လက်ရှာဖွေနေကြောင်းသိရသည်။
‘’ပြိုတာကကျင်းဟောင်းကြီးပါ။အင်ဝိုင်းလေးနဲ့ဝိုင်းစားတဲ့ လက်ဝိုင်းသမားလေးတွေကို ကျွန်တော်တို့ ခဏခဏတားမြစ်ပါတယ်။ပြိုကျလိမ့်မယ်တားတဲ့ကြားက ဖြစ်သွားတော့ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။အခုသက်ဆိုင်ရာကတွေရော ကျွန်တော်တို့ မီးသတ်တွေရောစုပေါင်းပြီးစက်ငါးလုံးနဲ့ ဆက်တိုက်ရှာဖွေနေပါတယ်။’’ဟုထိန်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်ကရှမ်းနီအသံသို့ ပြောသည်။

ဟုမ္မလင်းမြို့နယ်တွင် ရွှေတူးဖော်ခြင်းကို ခွင့်ပြုထားသည်ထက် ပိုလုပ်ကိုင်နေကြပြီးမကြာခဏ ရွှေလုပ်ကွက် ပြိုကျ၍ လူသေဆုံးခြင်း၊လယ်ယာမြေများပျက်စီးလာခြင်း၊သစ်တောပြုန်းတီးခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်း တို့ကို တွေ့ကြုံခံစားလာရသည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေတူးဖော်ရေးလုပ်ကိုင်နေသူအများစုသည် ဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်းစည်းကမ်းများကိုမလိုက်နာဘဲတူးဖော်လုပ်ကိုင်နေခြင်းကြောင့် ယာယီပိတ်သိမ်းရန်ညွန်ကြားထားပြီး ဖြစ်ပါသည်ဟုစစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိမ်းသိမ်းရေး မူဝါဒ သဘောထားဆွေးနွေးချက် (၂၄.၁.၂၀၁၇)တွင် ဖော်ပြပါရှိပါသည်။

The Voice of Shan-Ni
ရွှေလုပ်ကွက်ဟောင်းပြိုကျမှုကြောင့် ခုနှစ်ဦးသေဆုံးကာ လေးဦးသာတူးဖော်ရရှိသေး  ရွှေလုပ်ကွက်ဟောင်းပြိုကျမှုကြောင့် ခုနှစ်ဦးသေဆုံးကာ လေးဦးသာတူးဖော်ရရှိသေး Reviewed by THITHTOOLWIN on 11:22 Rating: 5
Powered by Blogger.