အာဂျင်တီးနား၌ ဘတ်စ်ကားတိမ်းမှောက်ရာ အနည်းဆုံး ၁၉ ဦးသေဆုံး

တိမ်းမှောက်သွားသော ဘတ်စ်ကားအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)
   ဗြူနိုအဲရစ် ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

    ချီလီနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အာဂျင်တီးနားနိုင်ငံ အလယ်ပိုင်း Mendoza ပြည်နယ်၌ ဖေဖော်ဝါရီလ ၁၈ ရက် ညနေပိုင်းက ဘတ်စ်ကားတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၁၉ ဦးသေဆုံးပြီး ၂၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ချီလီခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုမှပိုင်ဆိုင်သည့် ၄င်းဘတ်စ်ကားသည် အာဂျင်တီးနားနိုင်ငံ အဝေးပြေးလမ်းမ အမှတ် ၇ ပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း အသက်ရှင်ကျန်ရစ်သူများ၏ ပြောဆိုချက်အရ သိရသည်။

“ အရမ်းကိုမြန်တယ်။ ယာဉ်မောင်းက လမ်းကြောင်းလည်းမသိဘူး ၊ အတွေ့ အကြုံလည်း မရှိဘူး” ဟု ခရီးသည် တစ်ဦးက ပြောဆိုကြောင်း အာဂျင်တီးနားနိုင်ငံပိုင် Telam သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။

အခင်းဖြစ်ပွားချိန်တွင် ဘတ်စ်ကား၏ အရှိန်သည် တစ်နာရီ ကီလိုမီတာ ၁ဝဝ အထိ ရှိနေကြောင်း နှင့် ယာဉ်မောင်းသည် ကန့် သတ်မိုင်နှုန်းဖြစ်သော တစ်နာရီ ကီလိုမီတာ ၄ဝ ကို လျှော့ချရန် လျစ်လျူရှုခဲ့ကြောင်း La Nacion နေ့ စဉ်သတင်းစာက ဆိုသည်။

ကားတိမ်းမှောက်သွားသော Curva del Yeso ကွေ့ သည် အာဂျင်တီးနား အဝေးပြေးလမ်းမ၏ အန္တရာယ်အရှိဆုံး အကွေ့ ၁ဝ ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။ ယခုဖြစ်စဉ်သည် Mendoza ပြည်နယ် သမိုင်းတစ်လျှောက်အဆိုးရွားဆုံး ယာဉ်မတော်တဆမှုဖြစ်ကြောင်း သတင်းစာက ဆိုသည်။

အခင်းဖြစ် ဘတ်စ်ကားပေါ်တွင် ခရီးသည် ၄ဝ ဦးလိုက်ပါလာပြီးအများစု မှာ အိပ်ပျော်နေကြကြောင်း အသက်ရှင်ကျန်ရစ်သူ Torres က ဆိုသည်။

ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ဘတ်စ်ကားကုမ္ပဏီက ၄င်း၏ ယာဉ်မောင်းနှင့်အကူယာဉ်မောင်းတို့ ဘက်မှ ခုခံပြောဆိုထားပြီး “ သူတို့ ဟာ လမ်းကြောင်းကို ကောင်းကောင်းသိကြတဲ့ ယာဉ်မောင်းတွေပါ” ဟု ပြောကြားခဲ့သည်။

အဆိုပါ ဘတ်စ်ကားပေါ်တွင် ယာဉ်မောင်းနှစ်ဦးအပါအဝင် အာဂျင်တီးနားနိုင်ငံသား ခရီးသည် ၃၂ ဦး ၊ ချီလီနိုင်ငံသား ခရီးသည် ၄ ဦး ၊ ဟေတီ နှင့် ကိုလံဘီယာနိုင်ငံသား ခရီးသည် တစ်ဦးစီ အသီးသီး လိုက်ပါလာကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အာဂျင်တီးနား၌ ဘတ်စ်ကားတိမ်းမှောက်ရာ အနည်းဆုံး ၁၉ ဦးသေဆုံး အာဂျင်တီးနား၌ ဘတ်စ်ကားတိမ်းမှောက်ရာ အနည်းဆုံး ၁၉ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:04 Rating: 5
Powered by Blogger.