သထုံ ဖေဖော်ဝါရီ ၈
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ အခွန်လွတ်ဈေးအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ဖေဖေါ်ဝါရီလ ၇ ရက်၊ ည ၈ နာရီဝန်းကျင်ခန့်က ယာဉ် ၅ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“တွဲကားနဲ့ ကွန်ကရစ်သယ်ကား စပြီး ချိတ်မိတာပါ။ ကွန်ကရစ်သယ်ကားက ပါဝါဂွိုင်း ပြုတ်ထွက်သွားပြီး အရှိန်မထိန်းနိုင်တော့ဘဲ လမ်းတဖက်ကိုရောက်သွားတယ်။ ရှေ့က သွားနေတဲ့ ကားနှစ်စီးကို ပွတ်တိုက်တယ် ပြီးတော့ အိမ်စီးကားငယ် ၁ စီးနဲ့တိုးတော့ အိမ်စီးကားလေးက လမ်းဘေးကို ရသမျှဆွဲချရှောင်တာတောင်မလွတ်ဘဲ ချိတ်မိပြီး မြောင်းနှုတ်ခမ်းမှာ သွားတင်နေတယ်။ ကံကောင်းတာက လူတွေတစ်ယောက်မှ ထိခိုက်ဒဏ်ရာမရှိဘူး” ဟု ယာဉ်တိုက်မှုအား မျက်မြင် တွေ့ရှိသူ တစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း သီဟတင်ဌေး ၂၆ နှစ် (ဘ) ဦးခင်မြင့် ကျိုက်ထိုမြို့နယ်နေသူ မောင်းနှင်လာသည့် 4M/---- JAC အဖြူရောင် ကွန်ကရစ် သယ်ယာဉ်နှင့် မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း အောင်မြင့်နိုင် ၃၂ နှစ် (ဘ) ဦးရွှေ တောင်ငူမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ်၊ 9L/---- Nissan Diesel ၁၈ ဘီးယာဉ် (တွဲကား)တို့ တိုက်မိကြပြီး ကွန်ကရစ်သယ်ယာဉ်မှ ရှေ့မှသွားနေသော ဘုရားဖူးမှန်လုံယာဉ် တစ်စီး၊ ဟွန်ဒိုင်းတစ်စီးနှင့် အိမ်စီးမော်တော်ယာဉ်တစ်စီးတို့အား ထပ်မံတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ တွဲကားမောင်းနှင်သည့် ယာဉ်မောင်း အောင်မြင့်နိုင်နှင့် ကွန်ကရစ်သယ်ယဉ် မောင်းနှင်သူ သီဟတင်ဌေးတို့အား သထုံမြို့မ ရဲစခန်းမှ ယာဉ် (ပ) ၁၃/ ---- ရာဇသတ်ကြီး ပုဒ်မ -၂၇၉ အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
သက်ဦး(သထုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ယာဉ်ငါးစီးဆင့်တိုက်မှု သထုံတွင်ဖြစ်ပွား
Reviewed by THITHTOOLWIN
on
15:44
Rating:
