မြန်မာနိုင်ငံ၏ စီးပွားရေးအကောင်းဘက်သို့ ဦးတည်နေသော်လည်း အန္တရာယ်များရှိနေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာဖော်ပြ


ကမ္ဘာ့ဘဏ်က ဇန်န၀ါရီလနောက်ဆုံးပတ်တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် အန္တရာယ်များအကြားမှ အကောင်းဘက်သို့ ဦးတည်တိုးတက်နေသည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း သာရှိမည်ဖြစ်ကြောင်းနှင့် လာမည့် သုံးနှစ်အတွင်း တနှစ်လျှင် ပျမ်းမျှ ၇ ဒသမ ၁ ရာခိုင်နှုန်းခန့် ရှိမည် ဖြစ်ကြောင်း တနှစ်လျှင် နှစ်ကြိမ်ထုတ်ပြန်သော ကမ္ဘာ့ဘဏ်၏ ''မြန်မာ့စီးပွားစောင့်ကြည့်အစီရင်ခံစာ''က ခန့်မှန်းထားသည်။

စီးပွားရေးတိုးတက်မှုနှုန်းအရ ရှေ့အလားအလာသည် အကောင်းဘက်သို့ ဦးတည်နေသော်လည်း ထိုတိုးတက်မှုနှုန်းကို တည်ငြိမ်အောင် ထိန်းထားနိုင်ရန် မြန်မာနိုင်ငံအနေနှင့် စီးပွားရေးဆိုင်ရာ အန္တရာယ်ကြီးများစွာကို ရင်ဆိုင်ရမည်ဟု အစီရင်ခံစာ တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဈေး ကွက်သို့ တံခါးဖွင့်လှစ်စနိုင်ငံဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှုနိမ့်ပါးနေခြင်း၊ ယှဉ်ပြိုင်စွမ်းအားမြင့်မားသည့် ကမ္ဘာ့ဈေးကွက်သို့ တိုးဝင်နေရခြင်း၊ သဘာဝ ဘေးအန္တရာယ် ကျရောက်လွယ်ခြင်းနှင့် ပြည်ပမှ ၀ယ်ယူနေရသော ကုန်စည်ဈေးနှုန်းများ မြင့်တက်နိုင်ခြင်း စသည့်အန္တရာယ်များနှင့် ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ အကြီးတန်းဘောဂ ဗေဒပညာရှင် Mr. Habib Rab က ဆိုသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းထားသည် တနှစ်ထက်တနှစ် တိုးတက်လာခဲ့ရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၏ စက်တင်ဘာလတွင် အမြင့်ဆုံး ၈ ဒသမ ၆၇ ရာခိုင်နှုန်းအထိရှိခဲ့ရာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာလတွင် တွက်ချက်မှုအရ ၂၀၁၆ ခုနှစ်၏ တနှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းသည် ၇ ဒသမ ၀၂ ရာခိုင်နှုန်းရှိခဲ့သည်။ လာမည့် သုံးနှစ်အတွင်း ၀ယ်လိုအားကျဆင်းမှု၊ ဗဟိုဘဏ်မှ အစိုးရလိုငွေ ဖြည့်တင်းပေးမှုလျှော့ချရန် ကြိုးပမ်းမှုတို့ကြောင့် ယခု ၂၀၁၆- ၂၀၁၇ ကာလနှင့် နှိုင်းယှဉ် လျှင် ငွေကြေးဖောင်းပွမှု ဖိအားကျဆင်းသွားမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

''အစိုးရသစ် တာဝန်စယူပြီး ပထမခြောက်လ အတွင်းမှာ အစိုးရအနေနဲ့ မလွယ်ကူတဲ့ စီးပွားရေးနဲ့ လုံခြုံရေးအခြေအနေတွေကို သတိထားကိုင်တွယ်ခဲ့ရတယ်။ ဘဏ္ဍာငွေ သတိထားသုံးစွဲတဲ့ ခြေလှမ်းတွေ ကို ချမှတ်ပြီးတော့ ငွေကြေးဖောင်းပွမှုကို လျှော့ချဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အစိုးရက ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ ဆက်လက်တိုးမြှင့်ထောက်ပံ့ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒါကြောင့်လည်း ပထမခြောက် လအတွင်းမှာ ငွေကြေးဖောင်းပွမှုက အမြင့်မှာပဲ ရှိနေ ခဲ့တယ်''ဟု Mr. Habib Rab က ရှင်းလင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၆-၂၀၁၇ ကာလတွင် နှေးကွေးသွားခဲ့ရာ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၅-၂၀၁၆ တွင် ၇ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၆-၂၀၁၇ တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ လျော့ကျလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းသို့ လျော့ကျလာရခြင်းအကြောင်း အရင်းများတွင် မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် သဘာဝဓာတ်ငွေ့နှင့် စိုက်ပျိုးရေးကုန်စည်များအပေါ် အဓိကမှီခိုနေရသဖြင့် သဘာဝဓာတ်ငွေ့ဈေးများ ကျဆင်းနေခြင်းသည် အဓိကအချက်တခုဖြစ်သည်။ ထို့ အပြင် အစိုးရသစ်တာဝန်စယူရသည့် ပထမဆုံးနှစ် ဖြစ်သည့်အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ထင်သလောက် ၀င်မလာခြင်းမှာလည်း အခြားအကြောင်းအရင်းတခုအဖြစ် ပါဝင်သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇ ဘီလီယံ အထိသာ ၀င်ရောက်နိုင်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၀င်ရောက်ခဲ့သော ပမာဏထက် ဒေါ်လာနှစ်ဘီလီယံခန့် လျော့နည်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးဦးအောင်နိုင်ဦးက ပြောကြားသည်။
''ဒီဘဏ္ဍာနှစ်က အစိုးရသစ်ရဲ့ မူဝါဒအသစ်တွေကို ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စောင့်ကြည့်နေတဲ့ ကာလဖြစ်ပါတယ်။ အခုက ရင်းနှီးမြှုပ်နှံမှု ဥပဒေ လည်း ထွက်လာပြီး နည်းဥပဒေကလည်း နောက် နှစ်လလောက်ဆို ထွက်လာတော့မယ်ဆိုတော့ လာမည့် ဘဏ္ဍာနှစ်မှာတော့ ရင်းနှီးမြှုပ်နှံမှုတွေ သိသိ သာသာဝင်လာနိုင်ပါတယ်''ဟု ဦးအောင်နိုင်ဦးက ပြော သည်။

မြန်မာနိုင်ငံအစိုးရသည် နိုင်ငံတော်၏ စီးပွားရေး မူဝါဒ (၁၂)ချက်ကို ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် စီးပွားရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု များကို ပုံမှန်ထုတ်ပြန်လျက်ရှိရာ ယင်းသို့ ထုတ်ပြန်ပေး မှုများသည် စီးပွားရေးတိုးတက်မှုမျှော်မှန်းချက်များကို ခိုင်မာစေနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှုကို တိုးစေသည့်အတွက် ဆက်လက်လုပ်ဆောင်သွား ရမည်ဟု ကမ္ဘာ့ဘဏ်က တိုက်တွန်းထားသည်။

''မြန်မာ့စီးပွားစောင့်ကြည့် အစီရင်ခံစာက မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုမျိုးစီးပွားရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ကျင့်သုံးသွားရမယ်ဆိုတဲ့ အကြံပြုချက်တွေကိုထည့်သွင်းပြီးတော့မှ ဖော်ပြထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ အကူအညီပေးတဲ့အခါမှာ ပရောဂျက်တွေအကောင်အထည် ဖော်ဖို့အတွက် ချေးငွေတွေပေးတာအပြင် နောက်အရေးကြီးတဲ့ဟာက အသိပညာဗဟုသုတတွေ လေ့လာသုံးသပ်မှုတွေပေးတာကလည်း ကမ္ဘာ့ဘဏ်ရဲ့ အရေးကြီးတဲ့ အပိုင်းကဏ္ဍဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာ့ဘဏ်ဌာနေ ကိုယ်စားလှယ် အဗ္ဗဒူလာရေဆက်က ပြောကြားသည်။

မြန်မာအစိုးရအနေနှင့် စီးပွားရေးပန်းတိုင်တခုကို ချမှတ်၍ စီးပွားရေးမျှော်မှန်းချက်များ အခြေခိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှု တည်တံ့ခိုင်မြဲရန် ကာလတို စီးပွားရေးမူဝါဒများနှင့် အခြေအနေများကို ပုံမှန်ရှင်းလင်းတင်ပြခြင်းအား ဆောင်ရွက်သင့်ကြောင်းနှင့် လာမည့်နှစ်များအတွက် ဘတ်ဂျက်ကို တွက်ချက် စိစစ်သုံးစွဲခြင်းနှင့် အများပြည်သူ ၀န်ဆောင်မှုများ တိုးချဲ့ရန် လိုအပ်ချက်များအကြား ထိန်းညှိမည့် မဟာ ဗျူဟာတရပ်ချမှတ်နိုင်ရေးအတွက် အစိုးရအနေနှင့် ကာလလတ် ဘဏ္ဍာရေးမူဘောင်ကို ရေးဆွဲသင့်ကြောင်း အစီရင်ခံစာက အကြံပြုထားသည်။

ကမ္ဘာ့ဘဏ်အုပ်စုသည် ကမ္ဘာပေါ်ရှိ အကြီးမားဆုံး ဖွံ့ဖြိုးရေးအဖွဲ့အစည်းများအနက်တခုဖြစ်ပြီး ကမ္ဘာ နှင့်အ၀န်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအား ငွေကြေးနှင့် နည်းပညာအကူအညီများ အဓိကပေးလျက်ရှိသော အဖွဲ့ အစည်းတခုဖြစ်သည်။ ကမ္ဘာ့ဘဏ်အုပ်စုကို အဖွဲ့အစည်းငါးခုဖြင့် ဖွဲ့စည်းထားပြီး ယင်းအဖွဲ့အစည်းငါးခု မှာ (၁) အပြည်ပြည်ဆိုင်ရာ ပြန်လည်တည်ဆောက် ရေးနှင့် ဖွံ့ဖြိုးရေးဘဏ် (၂) အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (၃) အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပို ရေးရှင်း (၄) နိုင်ငံစုံ အကျိုးတူ ရင်းနှီးမြှုပ်နှံမှု အာမခံရေး အေဂျင်စီ (၅) အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှုများ ဖြေရှင်းရေးဌာနတို့ဖြစ်သည်။ ကမ္ဘာ့ဘဏ်အနေနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အတိုးနှင့်ချေးငွေများ၊ ဆင်းရဲနွမ်းပါးမှုအဆိုးဝါးဆုံးရင်ဆိုင်နေရသော နိုင်ငံများသို့ အတိုးမဲ့ချေးငွေများ ထောက်ပံ့လျက်ရှိသည်။

ဆွေလဲ့မွန်
News Watch
https://www.facebook.com/NewsWatchJournal/
မြန်မာနိုင်ငံ၏ စီးပွားရေးအကောင်းဘက်သို့ ဦးတည်နေသော်လည်း အန္တရာယ်များရှိနေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာဖော်ပြ  မြန်မာနိုင်ငံ၏ စီးပွားရေးအကောင်းဘက်သို့ ဦးတည်နေသော်လည်း အန္တရာယ်များရှိနေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာဖော်ပြ Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.