ကုန်းဘောင်ခေတ် ပုထိုးတော်ကြီး နှစ်ဆူ


ပုထိုးတော်ကြီးဘွဲ့အမည်ဖြင့် ယနေ့တိုင် ထင်ရှားလျက်ရှိသည့် ကုန်းဘောင်ခေတ် လက်ရာ သာသနိကအဆောက်အအုံနှစ်ခုကို စစ်ကိုင်းမြို့နယ် မင်းကွန်းတွင်တစ်ဆူ၊ အမရပူရမြို့တွင် တစ်ဆူ မြင်တွေ့နိုင်ကြ သည်။ မင်းကွန်းရှိ ပုထိုးတော်ကြီးသည် ဘိုးတော် ဘုရားဗဒုံမင်း (၁၇၈၂-၁၈၁၉) တည်ခဲ့ သည့် အပြီးမသတ်ခဲ့ သော အဆောက် အအုံကြီး တစ်ခုဖြစ်ပြီး အမရပူရပုထိုးတော် ကြီးမှာမူ ဘကြီးတော် စစ်ကိုင်းမင်း (၁၈၁၉-၁၈၃၇) တည်ထား ခဲ့သည့် စေတီတော်ဖြစ်သည်။

ကုန်းဘောင်ခေတ် ဘုရင်များလှူဒါန်းခဲ့ သည့် ခေါင်းလောင်းတော် များ လေ့လာရေးခရီးစဉ်အတွင်း စစ်ကိုင်း မြို့နှင့်အမရပူရမြို့သို့ရောက်ရှိခဲ့ရာ စစ်ကိုင်းမြို့အောင်မြေ လောက စေတီဝင်းအတွင်း၌ ဘိုးတော်ဘုရား ဗဒုံမင်းလှူဒါန်းခဲ့သည့် ခေါင်းလောင်းတော်နှင့် အမရပူရမြို့ပု ထိုးတော်ကြီး အနီးတွင် ဘကြီးတော်စစ်ကိုင်းမင်းလှူဒါန်းခဲ့သည့် ပုထိုး တော်ကြီး ခေါင်းလောင်းတော်တို့ကို မြင်တွေ့ ခဲ့ရသည်။

စစ်ကိုင်းနှင့် အမရပူရ

စစ်ကိုင်းနှင့်အမရပူရသည် မြန်မာနိုင်ငံအထက်ပိုင်းတွင် တည်ရှိသည့် ရှေးမြို့တော်ဟောင်းများဖြစ်ကြကာ ဧရာဝတီ မြစ်၏ တစ်ဖက်တစ်ချက်တွင် တည်ရှိနေကြသည်။
ဇေယျာပူရခေါ် စစ်ကိုင်းမြို့သည် ဧရာဝတီမြစ်အနောက် ဘက်ကမ်းတွင်တည်ရှိပြီး ဧရာဝတီမြစ်သည် မြောက်မှတောင် သို့ စီးဆင်းလာရာမှ စစ်ကိုင်းမြို့တောင်ဘက်တွင် အနောက်သို့ ကွေ့သွားကာ မြို့ကိုပွေ့ပိုက်ထားသကဲ့သို့ဖြစ်နေသဖြင့် လှပ သည့် စစ်ကိုင်းမြစ်ကမ်းကို ဇေယျာကမ်းအလှပန်းချီဟု တင်စား ကြသည်။

စစ်ကိုင်းမြို့သည် မ္တလေးမြို့မှ အနောက်ဘက်သို့ ၁၂ မိုင်ခန့် ကွာဝေးပြီး မင်းဝံတောင်တန်းကြီး၏ အောက်ခြေတွင် တည်ရှိသည်။
ပုဂံပျက်ပြီးနောက် ရှမ်းညီနောင်သုံးယောက်အနက် အငယ်ဆုံးဖြစ်သော ပင်းယမြို့တည် တစ်စီးရှင်သီဟသူ၏ သားဖြစ်သူ စောယွမ်းသည် သက္ကရာဇ် ၆၇၇ ခုနှစ် (ခရစ်နှစ် ၁၃၁၅ ခုနှစ်) တွင် စစ်ကိုင်းမြို့ကို တည်ခဲ့ပြီး သီရိအသင်္ခယာ ဟူသော အမည်ကိုခံယူ၍ မြောက်ဘက်တစ်လွှားကို မင်းပြုခဲ့ သည်။ စစ်ကိုင်းမြို့တည်နှစ်ကို ''သားတိုးတိုင်း၊ စစ်ကိုင်းတည်'' ဟုလည်းကောင်း၊ ''သံတံတိုင်း၊ စစ်ကိုင်းတည်'' ဟု လည်းကောင်းမှတ်သားခဲ့ကြသည်။ အသင်္ခယာစောယွမ်းသည် ထိုစဉ်က ၈၃၃ တာ အကျယ်အဝန်းရှိသော စစ်ကိုင်းမြို့ကို တည်ထောင်ခဲ့ရာ လက်ရှိအချိန်တွင် စစ်ကိုင်းမြို့နယ်၏ ဧရိယာ သည် ၄၈၅ ဒသမ ၆ စတုရန်းမိုင်ဖြစ်ပြီး လူဦးရေ ၇ဝဝဝဝ ကျော်နေထိုင်လျက်ရှိသည်။

စစ်ကိုင်းမြို့တော်တွင် မင်းဆက်ခုနစ်ဆက်က နှစ် ၅ဝ ကြာ စိုးစံခဲ့ကြရာ အသင်္ခယာစောယွမ်းက ရှစ်နှစ်၊ နောင်တော် တရာ့ဖျားက ၁၄ နှစ်၊ တရာ့ဖျား၏သား ရွှေတောင်တက်က သုံးနှစ် ၊အသင်္ခယာစောယွမ်း၏သား ကျော်စွာက ၁ဝနှစ်၊ ညီတော် နော်ရထာ မင်းရဲက ခုနစ်လ ၊ ညီတော် ဆင်ဖြူရှင် တရာ့ဖျားငယ်က သုံးနှစ်နှင့် မင်းပြောက်က ၁၃ နှစ် အုပ်စိုးခဲ့ကြ သည်။

နှစ် ၅ဝ ကြာ နန်းမြို့ဖြစ်ခဲ့သည့် စစ်ကိုင်းသည် မြောက်ဘက် ၁၂ မိုင်အကွာရှိ မင်းကွန်းဒေသမှ မင်းကွန်း ခေါင်းလောင်းတော်ကြီး၊ မင်းကွန်းပုထိုးတော်ကြီးတို့နှင့် အတူ အထူးထင်ရှားသော မြို့တစ်မြို့ဖြစ်ပေသည်။

ခရစ်နှစ် ၁၇၈၃ ခုနှစ် မေလတွင် ဘိုးတော်ဘုရား တည်ထောင်ခဲ့သည့် အမရပူရသည် ဘိုးတော်ဘုရားလက်ထက် ခရစ်နှစ် ၁၇၈၃ ခုနှစ်မှ ၁၈၂၃ ခုနှစ်အထိ တစ်ကြိမ်၊ သာယာ ဝတီမင်းလက်ထက်၊ ခရစ်နှစ် ၁၈၃၇ ခုနှစ်မှ ၁၈၅၇ ခုနှစ်အထိ တစ်ကြိမ် မင်းနေပြည်တော်နှစ်ကြိမ်ဖြစ်ခဲ့သည်။ အမရပူရ သည် မန္တလေးမြို့မှ ၆ ဒသမ ၈ မိုင် ကွာဝေးပြီး မြို့ပြဖွံ့ဖြိုး လာမှုကြောင့် ယခုအချိန်တွင် မန္တလေးမြို့နှင့် တစ်ဆက်တည်း ဖြစ်နေသည်။

အမရပူရမြို့ကိုမန္တလေးမြို့၏ တောင်အရပ်တွင်ရှိသော ကြောင့် တောင်မြို့ဟုလည်းခေါ်ဆိုကြပြီး ပိုးထည်၊ ချည်ထည် လုပ်ငန်းနှင့်ကြေးသွန်းလုပ်ငန်းများကြောင့် ထင်ရှားသကဲ့သို့ တောင်သမန်တံတားခေါ် ဦးပိန်တံတားကြောင့် က္ဘာလှည့် ခရီးသွားများအကြား ပိုမိုကျော်ကြားခဲ့သည်။ ကုန်းဘောင် မင်းဆက်၏ ကိုးဆက်မြောက်ဘုရင် ပုဂံမင်း၏ အမိန့်အရ အမရပူရမြို့ဝန်ရုံးမှ စာရေး ဦးပိန်က တောင်သမန်အင်းကို ဖြတ်လျက် ကျွန်းသစ်လုံးတိုင်ပေါင်း ၉၈၄ တိုင် (နဝအဋ္ဌ ၊ ဇယမောင်ပိန်) ဖြင့် ခြောက်ဖာလုံ ရှည်လျားသည့် တံတားကို တည်ဆောက်ခဲ့ရာ ခရစ်နှစ် ၁၈၅၁ ခုနှစ်တွင် ပြီးစီးခဲ့သည်။

မင်းကွန်းပုထိုးတော်ကြီး

မင်းကွန်းပုထိုးတော်ကြီး အား အမရပူရကို တည်ထောင် ခဲ့သူ ဘိုးတော်ဘုရားဗဒုံမင်းက မြန်မာသက္ကရာဇ် ၁၁၅၂ ခုနှစ် (ခရစ်နှစ် ၁၇၉ဝ ပြည့်နှစ်) တွင် တည်ထားခဲ့သည်။ ဘိုးတော် ဘုရားသည် တိုင်းပြည်သာယာဝပြောရေးနှင့် သာသနာရေးကို အထူး အာရုံစိုက်ခဲ့ပြီး အောင်ပင်လယ်ကန်နှင့် နန္ဒာကန် တို့ကို ပြုပြင်ခဲ့ကာ မိတ္ထီလာကန်ကို အသစ်ဆည်ဖို့ခဲ့သည်။ ဘိုးတော်ဘုရားလက်ထက်တွင် ယခုခေတ် သန်းခေါင်စာရင်း ပုံစံစစ်တမ်းများကို ကောက်ယူခဲ့ရာ ဘိုးတော်ဘုရားစစ်တမ်း ဟူ၍ ထင်ရှားခဲ့သည်။

သာသနာရေးကို အလေးထားသည့်ဘိုးတော်ဘုရား တည်ထားခဲ့သော မင်းကွန်းပုထိုးတော်ကြီးသည် ရွှေတိုက် စာရင်းမူ ပုရပိုက်အရ အချင်း ၂၉၃ တောင် နှင့် အမြင့် ၃၅၂ တောင်ရှိသည်။ မင်းကွန်းပုထိုးတော်ကြီးကျောက်စာ (မင်းကွန်း ပုထိုးတော်ကြီး ဒုတိယကျောက်စာ အမှတ် ၂၂၁ မဟာမုနိ ဘုရားကျောက်စာရုံ မ္တလေးမြို့) တွင် ပုထိုးတော်ကြီး၏ အတိုင်းအတာကို စတုရန်း လေးထောင့်စပ်စပ် တည်ခင်း အပ်သောဘိနပ်အစ ပထမအာလိန်အချင်း သံတောင် ၃ဝဝ နှင့် ၂ မိုက်ဟု ဖော်ပြထားသည်။

ဘိုးတော်ဘုရားသည် နန်းတက်ပြီး ကိုးနှစ်အကြာတွင် မိမိပိုင်နက်အတွင်း အကြီးမားဆုံးသော သာသနိကအဆောက် အအုံဖြစ်သည့် ပုထိုးတော်ကြီးကို မင်းကွန်းအရပ်၌ တည်ဆောက်ခဲ့သည်။ မင်းကွန်းပုထိုးတော်ကြီးကို ပေ ၅ဝဝ အမြင့်အထိတည်ထားရန် ရည်ရွယ်ခဲ့သော်လည်း ပေ ၁၆ဝ အမြင့်အရောက်တွင် ပြိုကျခဲ့သည်ဟု သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက ရေးသားခဲ့သည်။

ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီး တည်ဆောက်မှုအား သက္ကရာဇ် ၁၁၇၄ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ သည်။ ''ကြီးလေးကြီး၊ အပြီးမသတ်၊ မုဆိုးသုညအပ်'' ဟူသော တဘောင်ပေါ်ခဲ့သဖြင့် ရပ်ခဲ့ခြင်းဖြစ်ကြောင်း အစဉ်အဆက် ပြောဆိုခဲ့ကြသည်။

ကြီးလေးကြီးဟူသည်မှာပုထိုးတော်ကြီး၊ခေါင်းလောင်းတော်ကြီး၊ ခြင်္သေ့ကြီးနှင့်ကန်တော်ကြီးတို့ ဖြစ်သည်။ ထိုတဘောင်ကိုပညာရှိများက ပုထိုးတော်ကြီးကို ပြီးစီးအောင်တည်ပါက ဘုရင်မင်းမြတ် နတ်ရွာစံလိမ့်မည်ဖြစ် ကြောင်း အဓိပ္ပာယ်ကောက်ခဲ့ကြသဖြင့် ဘိုးတော်ဘုရားက ပြီးစီးအောင် မတည်ခဲ့ခြင်းဖြစ်ကြောင်းလည်း ယူဆကြသည်။ဘိုးတော်ဘုရား သည်မင်းကွန်းပုထိုးတော်ကြီး ပြီးစီးသည်အထိ မတည်ဆောက်ခဲ့ရဘဲ ခရစ်နှစ် ၁၈၁၉ ခုနှစ်တွင် ကံကုန်ခဲ့ သည်။

ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီး၏ ပုံစံငယ် ဖြစ်သည့် ပုံတော်စေတီကို ပုထိုးတော်ကြီးနှင့်အတူ တည်ထား ခဲ့သည်။ ယင်းစေတီငယ်သည် ဉာဏ်တော် ၁၅ ပေမြင့်ကာ နောင်တော်ကြီးစေတီဟု ဘွဲ့အမည်တွင်ပြီး ပုထိုးတော်ကြီး မပြီးစီးမီပုံတော်စေတီကို အနေကဇာတင်ခဲ့သည်။ ပုံတော်စေတီ ကိုကြည့်ကာ ပုထိုးတော်ကြီး ပြီးဆုံးအောင်တည်ခဲ့လျှင် ဖူးတွေ့ ရမည့် ပုံသ္ဌာန်ကို မှန်းဆဖူးမြော်ကြရပေသည်။ မင်းကွန်း ပုထိုးတော်ကြီးသို့ လာရောက်ကြသူများအား ယခုအခါတွင် ပုထိုးတော်ကြီး ရေရှည်ကြံ့ ခိုင်မှုအတွက် အပေါ်သို့ တက်ရောက် ခွင့်မပြုတော့ပါချေ။

ဘိုးတော်ဘုရားသည် ပုထိုးတော်ကြီးအနီးတွင် မင်းကွန်း ခေါင်းလောင်းတော်ကြီးကို ချိတ်ဆွဲလှူဒါန်းခဲ့ရာ က္ဘာပေါ်တွင် အသံထွက်နိုင်သော ခေါင်းလောင်းများအနက် အကြီးဆုံး ခေါင်းလောင်းအဖြစ် ပြည်တွင်းပြည်ပ၌ အလွန်ထင်ရှားခဲ့ သည်။ မင်းကွန်း ခေါင်းလောင်းတော်ကြီးအား နန်းတော်ကျွန်း တွင်သွန်းလုပ်ခဲ့ပြီး အလေးချိန်ကြေးပိဿာချိန် ၅၅၅၅၅ ခန့် ရှိသဖြင့် ၅ ဂဏန်းကို ကိုယ်စားပြုသော ကြာသပတေးနံစာလုံး ငါးလုံးဖြင့် ''မင်းဖြူမှန်မှန်ပြော'' ဟုမှတ်တမ်းပြုခဲ့သည်။ခေတ်အတိုင်းအတာအရ မင်းကွန်းခေါင်းလောင်း၏ အလေးချိန်သည် ၉ဝ ဒသမ ၅၂ တန်ဖြစ်သည်။


အမရပူရ ပုထိုးတော်ကြီး

အမရပူရမြို့၏ အနောက်တောင် ဘက် တွင်တည်ရှိသည့် ပုထိုးတော်ကြီး၏ဘွဲ့အမည်သည် မဟာဝိဇယရံသီဖြစ်သော် လည်း စည်းခုံတော်ပုထိုးတော်ကြီးဟု ပိုမိုထင်ရှားသည်။ ယခု အခါတွင် ပုထိုးတော်ကြီးသို့ အမရပူရမြို့တွင်းရှိ ဆုတောင်းပြည့် လမ်းအတိုင်းသွားကာ ရွှေကူကြီးဘုရားဝင်းကို ဖြတ်သန်းပြီး ဘုရားဝင်းအဆုံးတွင်မီးရထားလမ်းကိုဖြတ်ကျော်၍ အလွယ် တကူရောက်ရှိနိုင်သည်။

ဘကြီးတော် စစ်ကိုင်းမင်းသည် ဘိုးတော်ဘုရားဗဒုံမင်း၏ ထီးနန်းအရိုက်အရာကို ခရစ်နှစ် ၁၈၁၉ ခုနှစ် ဇွန် ၇ ရက်တွင် ဆက်ခံခဲ့ပြီး ကုသိုလ်ကောင်းမှုများကို ပြုလုပ်ခဲ့သည်။ ခမည်း တော် ဗဒုံမင်းသည် အိမ်ရှေ့မင်းသားဘဝက ဟေမမာလာ စေတီနှင့် ကျောင်းတော်များကို တည်ဆောက်ကုသိုလ်ပြုခဲ့ သည်။ ယင်းစေတီနှင့်ကျောင်းတော်များသည် မီးသင့်ခဲ့ရပြီးြ<ွကင်းကျန်ခဲ့သည့် သရက်ဥယျာဉ်တော်၌ စေတီတော် တစ်ဆူ တည်ထားရန် စစ်ကိုင်းမင်းက ကြံရွယ်ခဲ့သည်။

ဘကြီးတော် စစ်ကိုင်းမင်းသည် အမရပူရရွှေနန်းတော်၏ အနောက်တောင်ထောင့်ရှိ တာ ၇ဝဝ မြေမျက်နှာပြင်၌ သီဟိုဠ် မဟာစေတီကဲ့သို့စည်းခုံတော်စေတီကို မြန်မာသက္ကရာဇ် ၁၁၈၁ ခုနှစ် နှောင်းတန်ခူးလပြည့်နေ့ (ခရစ်နှစ် ၁၈၂ဝ ပြည့်နှစ် မတ်လ ၂၈ ရက်) အဂ¯နေ့တွင် ကိုယ်တော်တိုင် အုတ်မြစ်ချခဲ့သည်။
ပုထိုးတော်ကြီးစေတီတော် ပထမပစ္စယံပတ်လည်တွင် ပုဂံခေတ်လက်ရာ စဥ့်ကွင်းများ ထည့်သွင်းခဲ့သည်။ ဒုတိယ ပစ္စယံ၌ ၅၅ဝ ဇာတ်တော်လာ ဗုဒ္ဓဖြစ်တော်စဉ်များကို ဇာတ်တော်အမည်နှင့်ဇာတ်ကွက်များနှင့်အတူ စကျင်ကျောက်ဖြူ ကွက်များတွင်လည်းကောင်း၊ တတိယပစ္စယံတွင် သမ္ဗုဒ္ဓေ ဘုရားရုပ်တုတော်များကိုလည်းကောင်း ထုလုပ်ခဲ့သည်။ပုထိုးတော်ကြီး၏ မူလထီးတော်သည် အဝ ၁၂ တောင်၊ အမြင့် ၁၈ တောင် ဘုံကိုးဆင့် ရွှေထီးတော်ဖြစ်သည်။

အမရပူရပုထိုးတော်ကြီးဌာပနာကို ကျုံးနှစ်တန်ရံလျက် ဌာပနာတိုက်ကြီး လေးတိုက်နှင့်တိုက်ငယ် ၁၂ တိုက် တည်ဆောက်ခဲ့သည်ဟုဆိုသည်။ ပုထိုးတော်ကြီးသည် ဖိနပ်တော်အချင်း သံတောင် ၁၂ဝ နှင့် ဉာဏ်တော် သံတောင် ၁၂ဝ ရှိသည်။
အမရပူရ ပုထိုးတော်ကြီး၏တည်နေရာသည် အမရပူရ မြို့တည်နန်းတည် ခုနစ်ဌာနဖြစ်သည့် မြို့တော်၊ကျုံးတော်၊ ရွှေနန်းတော်၊ ကျောင်းတော်၊ ကန်တော်၊ ဂူတော်၊ ပိဋကတ်တိုက်တော်တို့တွင် တစ်ခုအပါအဝင်ဖြစ်သည့် ကျောင်းတော်နေရာဟု အဆိုရှိခဲ့သည်။

ပုထိုးတော်ကြီး ထီးတော်နှင့် ငလျင်ဒဏ်များ

မြန်မာ သက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်နှောင်းတန်ခူးလဆန်း ၈ရက်(ခရစ်နှစ် ၁၈၃၉ ခုနှစ် မတ်လ ၂၂ ရက်) သောကြာနေ့တွင် ပြင်းထန်သော စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ရာ မဟာ ဝိဇယရံသီပုထိုးတော်ကြီး၏ ထီးတော်သည် ငလျင်ဒဏ်ကြောင့် မြေသို့ခခဲ့သည်။ ပုထိုးတော်ကြီးသည် ၃၄ နှစ်ကြာ ထီးတော်မဲ့ နေခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၃၄ ခုနှစ်တွင် မင်းတုန်းမင်းကြီးက အမြင့် ၁၃တောင် တစ်ထွာ၊ အဝ ကိုးတောင် နှစ်မိုက်ရှိသည့် ထီးတော်အသစ်ကို ပုပ္ပားဝန်အား ကြီးကြပ်တင်လှူစေခဲ့သည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ဖတ်ရှုရသည်။

သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၏ စာစုပုရပိုက် မူတွင် သာယာဝတီမင်းထီးတော်ပြုပြင်တင်လှူသည့် ကုန်ကျ စာရင်းကို တွေ့ရှိရကြောင်း တောင်သမန်ပတ်ဝန်းကျင် သမိုင်းဝင်နေရာများ စာအုပ်တွင် ရေးသားထားသည်။ဘကြီးတော်စစ်ကိုင်းမင်း၏ ညီတော်သာယာဝတီမင်းသည် မြန်မာသက္ကရာဇ် ၁၂၉၇ ခုနှစ်တွင် နောင်တော်မင်းတရား၏ကောင်းမှုကုသိုလ်တော် မဟာဝိဇယရံသီ ပုထိုးတော်ကြီးကို ထီးတော်အသစ်ပြုပြင်တင်လှူခဲ့ကြောင်း ယင်းစာအုပ်တွင် မှတ်တမ်းပြုထားပေသည်။

မင်းတုန်းမင်းတင်လှူခဲ့သည့် ထီးတော်သည်လည်း မြန်မာသက္ကရာဇ် ၁၂၇၄ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ် ကြောင့် မြေခခဲ့ရပြန်ကာ ခုနစ်နှစ်ကြာ ထီးတော်မဲ့ နေခဲ့သည်။
မြန်မာသက္ကရာဇ် ၁၂၈၁ ခုနှစ်တွင် အမရပူရမြို့သူ မြို့သား များ အသစ်တင်လှူခဲ့သည့် ထီးတော်သည်လည်း ၁၉၅၆ ခုနှစ် ဇူလိုင်လတွင် လှုပ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးခဲ့ကာ ပုထိုး တော်ကြီးသည် ချရားသီးမှ ကြာမှောက်အထိ ပြိုကျခဲ့သည်။ ပုထိုးတော်ကြီး ထီးတော်အသစ်ကို ဗမာ့ခေတ် ဦးအုန်းခင်နှင့် ဇနီး ဒေါ်ခင်ခင်လေးတို့က ၁၉၅၉ ခုနှစ်တွင်တင်လှူခဲ့သည်။

ပုထိုးတော်ကြီး ခေါင်းလောင်းတော်

မဟာဝိဇယ ရံသီ ပုထိုးတော်ကြီး၏ အရှေ့မြောက် ထောင့်တွင် တစ်ဖက်လျှင် ငါးပေကျယ်ဝန်းသည့် လေးထောင့် အုတ်တိုင်ကြီးနှစ် ခုတွင်ခေါင်းလောင်းကြီး တစ်လုံး ချိတ်ဆွဲ ထားသည်ကို မြင်တွေ့နိုင်ကြသည်။ ယင်းခေါင်းလောင်းကြီးကို ဘကြီးတော် စစ်ကိုင်းမင်းက မြန်မာသက္ကရာဇ် ၁၁၈၉ ခုနှစ်၊ တပေါင်းလဆုတ် ၁၃ ရက် (ခရစ်နှစ်၁၈၂၈ ခုနှစ် မတ်လ ၁၃ ရက်) ကြာသပတေးနေ့တွင် တင်လှူခဲ့သည်။ ခေါင်းလောင်း အလေးချိန်သည် ကြေးစင် ၁၅ဝဝဝဝ ကျပ်(ပိဿာ ၁၅ဝဝ) ဖြစ်ပြီး အချင်းသံတောင် ငါးတောင်၊ အမြင့် သံတောင် ငါးတောင်နှစ်မိုက် ရှိကာ ခေါင်းလောင်းကြီး၏ ပုစွန်တုပ်ကွေး တွင် ခြင်္သေ့ ရုပ်များ သွန်းလုပ်ထားပြီး မဟာမေရုမကုဋဃဏ္ဍ ရာဇာဟု ခေါင်းလောင်းတော် ဘွဲ့အမည် တပ်ခဲ့သည်။

လက်ရှိအချိန်တွင် ပုထိုးတော်ကြီး ခေါင်းလောင်းတော် အတိုင်းအတာသည် အချင်းရှစ်ပေရှစ်လက်မ၊ အတွင်းနှုတ်ခမ်း အချင်း ခုနစ်ပေလေးလက်မရှိပြီး ခေါင်းလောင်းအတွင်းပိုင်း အမြင့်သည် ခြောက်ပေတစ်လက်မဖြစ်သည်။ခေါင်းလောင်း တော် အထူ ရှစ်လက်မ ရှိကာ အထက်အောက် ၂၉ လက်မ ကျယ်ဝန်းသည့် နေရာတွင် ခေါင်းလောင်းစာများကို ပတ်လည် ရေးထိုးထားသည်။ခေါင်းလောင်းစာများကို ဝက်မစွပ်မြို့စား စာဆိုဒုတိယ နဝဒေးဟုကျော်ကြားသည့် ဦးနုကရေးသားခဲ့ သည်။
စာများ မရေးခြ စ်ရဟု သတိပေး ဆိုင်းဘုတ်တင်ထားသည့် တိုင် ပုထိုးတော်ကြီးခေါင်းလောင်းတော်ပေါ်တွင် မင်ဖျက်ဆေး ဖြူ (Correction Pen) ဖြင့် ရေးခြစ်ထားမှုများကြောင့် ခေါင်းလောင်းစာများကို ပြည့်ပြည့်စုံစုံမဖတ်ရှုနိုင်တော့သည်မှာ နှမြောဖွယ်ကောင်းလှပေသည်။ သမိုင်းဝင် ရှေးဟောင်း ပစ္စည်း၏ တန်ဖိုးကို သိနားလည်ကြရန် အထူးလိုအပ်လှပေ သည်။

ကုန်းဘောင်ဆက် မြန်မာရှင်ဘုရင်နှစ်ပါးဖြစ်သည့် ခမည်းတော် ဗဒုံမင်းနှင့် သားတော် စစ်ကိုင်းမင်းတို့သည် ဧရာဝတီမြစ်၏ တစ်ဖက်စီတွင် ပုထိုးတော်ကြီး တစ်ဆူနှင့် ခေါင်းလောင်းတော်ကြီး တစ်လုံးစီတို့ကို လှူဒါန်း ခဲ့ကြသဖြင့် ကုန်းဘောင်အမွေအနှစ်များအဖြစ် ထင်ရှားစွာ ကျန်ရှိနေပေရာ သမိုင်းအမွေအနှစ်များ အရှည်တည်တံ့ရေးအတွက် အားလုံး က ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက် ကြရမည်သာ ဖြစ်ပါပေ သည်။

မောင်သာ(ရှေးဟောင်းသုတေသန)

ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ(၆)
တောင်သမန်ပတ်ဝန်းကျင် သမိုင်းဝင်နေရာများ (ကိုပညာ၊ အမရပူရ)၊ ဝင်းတွေနှင့်တည်ခဲ့သည့် မင်းနေပြည် (နတ်မောက်ထွန်းရှိန်)

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကုန်းဘောင်ခေတ် ပုထိုးတော်ကြီး နှစ်ဆူ ကုန်းဘောင်ခေတ် ပုထိုးတော်ကြီး နှစ်ဆူ Reviewed by THITHTOOLWIN on 18:02 Rating: 5
Powered by Blogger.