အထည်ချုပ်ကဏ္ဍတွင် အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေကြောင်း စစ်တမ်းတခုဖော်ပြ


 မြန်မာအထည်ချုပ်လုပ်ငန်းကဏ္ဍတွင် သမဂ္ဂဖွဲ့စည်းနိုင်ခြေအားနည်းခြင်း၊ ကလေးလုပ်သားများရှိနေခြင်း စသည့် အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများရှိနေကြောင်း အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသည့်အဖွဲ့အစည်းများက ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တွေ့ရှိချက်၌ ဖော်ပြထားသည်။

နယ်သာလန်နိုင်ငံအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်သည့် SOMO နှင့် ပြည်တွင်းအဖွဲ့အစည်းများဖြစ် သည့် အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများအဖွဲ့(ALR) ၊ အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင် သူများအဖွဲ့(LDRP)တို့ ပူးပေါင်းကောက်ယူခဲ့သော စစ်တမ်းတွင် အထည်ချုပ်ကဏ္ဍ၌ သမဂ္ဂဖွဲ့စည်းနိုင်ခြေ အားနည်းခြင်း၊ လုပ်ခလစာနည်းပါးခြင်းနှင့် တရားမ၀င်လစာဖြတ်တောက်ခြင်း၊ အချိန်ပိုအလွန်အကျွံခိုင်းစေ ခြင်း၊ လုပ်ခမဲ့အချိန်ပိုခိုင်းစေခြင်း၊ ကလေးလုပ်သားများရှိနေခြင်း၊ စာချုပ်မဲ့ခိုင်းစေခြင်း၊ စောဒကတက်နိုင်မှု အခြေအနေကင်းမဲ့ခြင်းတို့ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

''ကျွန်မတို့ စစ်တမ်းအရ စက်ရုံတွေမှာ အလုပ်သမားသမဂ္ဂဖွဲ့ရင် ဖွဲ့တဲ့လူကို အလုပ်ဖြုတ်တာမျိုး၊ အကြောင်း အမျိုးမျိုးနဲ့ တာဝန်လျှော့ပေါ့ပေးတာမျိုးလုပ်ကြတယ်၊ သမဂ္ဂဖွဲ့စည်းခွင့်က တော်တော်ခက်ခဲနေတယ်။ ကျွန်မတို့ စစ်တမ်းကောက်ယူခဲ့တဲ့ စက်ရုံ ၁၂ ရုံမှာ ၁ ရုံပဲ အလုပ်သမားသမဂ္ဂ ဖွဲ့ထားတာရှိတယ်၊ နောက်ကလေးလုပ် သားတွေ ခန့်ထားတာရှိပြီးတော့ စုံစမ်းစစ်ဆေးမှုတွေရှိရင် တိမ်းရှောင်ခိုင်းတာတွေရှိတယ်၊ ဒါ့အပြင် အခြား အခွင့်အရေးချိုးဖောက်ခံရမှုတွေလည်း အများအပြားတွေ့ရတယ်''ဟု LDRP မှ မအိရွှေစင်မျိုးက ပြောသည်။

SOMO ၊ LDRP တို့က ၂၀၁၆ ဖေဖော်ဝါရီမှ ဇွန်လအတွင်း ရန်ကုန်၊ ပဲခူးနှင့် ပုသိမ်တို့ရှိ ကိုရီးယားလူမျိုးပိုင် စက်ရုံ ၁ ရုံ၊ မြန်မာပိုင် ၁ ရုံ၊ ဂျပန်ပိုင် ၁ ရုံနှင့် တရုတ်လူမျိုးပိုင်စက်ရုံ ၉ ရုံ စုစုပေါင်း ၁၂ ရုံရှိ အထည်ချုပ် အလုပ်သမား ၄၀၃ ဦးကို တွေ့ဆုံမေးမြန်း၍ စစ်တမ်းကောက်ယူခဲ့ပြီး အဆိုပါတွေ့ရှိချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ စက်ရုံများနှင့် ဘာရာများသို့ အကြံပြုတိုက်တွန်းချက်များနှင့်အတူ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

''သုတေသနလုပ်ခဲ့တဲ့ စက်ရုံနာမည်တွေကိုတော့ စစ်တမ်းမှာ မဖော်ပြထားဘူး၊ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ရဲ့မေးမြန်းမှုကို ဖြေကြားခဲ့တဲ့ အလုပ်သမားတွေ၊ အဖွဲ့အစည်းတွေကို ထိခိုက်မှာစိုးလို့ပါ၊ မကြာခင်မှာ ကျွန်တော်တို့အနေနဲ့ သုတေသနတခုထပ်လုပ်ပါမယ်၊ အဲဒီမှာတော့ အလုပ်သမားတွေ ဘယ်လောက်ထိ လူမှုဖူလုံရေးခံစားရလဲ၊ နောက် ဥပဒေအားနည်းချက်တွေကို အဓိကလုပ်သွားပါမယ်'' ဟု AIR မှ ကိုသူရိန်အောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံ ၄၀၀ ခန့်နှင့် အလုပ်သမားပေါင်း ၃၅၀၀၀၀ ကျော်ရှိပြီး ၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများမှ ပြည်ပသို့ တင်ပို့ရောင်းချသည့် စုစုပေါင်းတန်ဖိုးပမာဏ အမေရိကန် ဒေါ်လာ ၉၈၆ သန်း၊ ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလီယံရှိခဲ့ကြောင်း မြန်မာအထည်ချုပ်လုပ်ငန်း ရှင်များအဖွဲ့ချုပ်၏ မှတ်တမ်းများအရ သိရသည်။

နောင်နောင်
News Watch
https://www.facebook.com/NewsWatchJournal/
အထည်ချုပ်ကဏ္ဍတွင် အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေကြောင်း စစ်တမ်းတခုဖော်ပြ  အထည်ချုပ်ကဏ္ဍတွင် အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေကြောင်း စစ်တမ်းတခုဖော်ပြ Reviewed by THITHTOOLWIN on 07:44 Rating: 5
Powered by Blogger.