မန်ပန်ဌာနေပြည်သူ့စစ်မှ ကျေးရွာအုပ်စု တအုပ်စု ငွေကျပ်သိန်းပေါင်းများစွာ ကောက်ခံ


ဖေဖော်ဝါရီလ ၂၂ ရက် ၂၀၁၇

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းပတ်အုပ်စု မန်ပန်ရွာအခြေစိုက် ဌာနေပြည်သူ့စစ်မှ ၄င်းလှုပ်ရှားရာဒေသအတွင်း ကျေးရွာအုပ်စုများအား အကူအညီဟုအမည်တပ်ကာ ကျေးလက် ဒေသခံများထံ ငွေကျပ်သိန်းပေါင်းများစွာ ကောက်ခံနေသည်ဟု ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီး မန်ပန်ဌာနပြည်သူ့စစ်၏ နိုင်ငံရေးဌာနက ဗိုလ်ကြီးထွန်းစိန်ဆိုသူမှ လားရှိုးမြို့နယ် စလန်း၊ ကွန်းမုံ၊ ခုမ်စုံ၊ ကုန်းပေါင်း ရွာများမှ ရွာအကြီးအကဲများအားခေါ်ယူပြီး ပြည်သူ့စစ်တပ်ဖွဲ့အတွက်အလှူငွေကောက်ခံခဲ့သည်ဟု လားရှိုးရောက် ဒေသခံ ဦးစိုင်းခေးက သျှမ်းသံတော်ဆင့်အားပြောသည်။

“ကျနော်တို့ရွာသားတွေကို ၂၀ ရက်နေ့တုန်းက နားစွက်ရွာ မှာအစည်းအဝေးခေါ်တယ်။ ပြီးတော့ အခွန်ကောက်တာမဟုတ် အကူအညီတောင်းတာလို့ပြောတာ။ ကျနော်တို့ စလန်းအုပ်စု ၃-၄ ရွာကို တရွာ ကျပ် ၁၀ သိန်းကနေ ၁၆ သိန်းအထိ တောင်းတယ်။ စုစုပေါင်းဆိုရင်သိန်း ၈၀ ကျော်တယ်။ ဗိုလ်လုံညွန့် ဆင်းတဲ့ဘက်ဆိုရင် တချို့အုပ်စုတွေဆိုရင် သိန်း ၄၀ - ၅၀ အထိ။ မုံးယော်ဆိုရင်သိန်း ၁၆၀ တောင်တောင်းတယ်။” - ဟု ဆိုသည်။

မန်ပန်ဌာနေပြည်သူ့စစ်တပ်ဖွဲ့လှုပ်ရှားသည့် ဒေသအတွင်း အကူအညီများကောက်ခံသွားမည်ဖြစ်ကြောင်း လည်းပြောဆိုသွားသည်။


ထိုသို့ ဌာနေပြည်သူ့စစ်တို့လှုပ်ရှားရာ ဒေသအတွင်း ဒေသခံလူထုအား စားနပ်ရိကာနှင့်ငွေကြေး များကောက် ယူခြင်း လုပ်အားခိုင်းစေမှုများ လူ့အခွင့်အရေးကျူးလွန်မှုများရှိနေခြင်းတို့ကြောင့် အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံ စိုင်းနောင့်ကလည်းပြောဆိုသည်။

“သူတို့ဘက်ကအကူအညီတောင်းတာတဲ့ ။ သစ်လုပ်ငန်းလည်းအလုပ်မဖြစ်ဘူးတဲ့။ သူတို့ရံပုံငွေမရှိလို့တဲ့။ ကျနော်ပြောတယ် ဒီနှစ် ပြောင်းဖူးလည်းမကောင်း၊ ခြံထွက်သီးနှံလည်းမကောင်း၊ နှစ်စဉ်ကောက်နေတဲ့ ဆန်လည်းပေးရ၊ လမ်းမှာစောင့်ကောက်တာလည်းရှိ အခုလည်း အလှူငွေကောက်နေပြန်။ လူထုကိုဘာမှ မလုပ်ပေးနိုင်ဘဲနဲ့ဘာကြောင့် ပြည်သူ့စစ်ကိုထားထားနေတာလဲမသိဘူးအစိုးရက”- ဟု ပြောသည်။

လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းကလည်း လူထုအပေါ် ထိုသို့ငွေကြေးများကောက်ခံခြင်း၊ အထူးသဖြင့် သျှမ်းပြည်လူထုအချင်းချင်းဖိအားပေးခြင်းများမပြုသင့် တော့ကြောင်း ပြောဆိုသည်။
“အခွန်တွေအမျိုးမျိုးကောက်နေတာကဘဲ လူထုကအရမ်းကိုအခက်အခဲဖြစ်နေပါပြီ။ အခုက သိန်း လေးငါးဆယ်အကူအညီထပ်တောင်းလာတယ်။ လူထုက သူ့ကိုယ်သူတောင်မှအနိုင်နိုင်ဖြစ်နေပြီ။ နေထိုင်ဖို့အဲလောက်အခက်အခဲဖြစ်နေရင်လည်း ဘာလို့ထားနေတော့မှာလဲ ပြည်သူ့စစ်ဆိုတာကြီးက။ မန်ပန်ဌာနေပြည်သူ့စစ်ရှိတဲ့ဒေသဘက်မှာဆိုရင် ဖွံ့ဖြိုးတိုးတက်မှုဘာမှလည်းမရှိဘူး။ လမ်းလဲမကောင်းဘူး၊ မီးလဲမရဘူး။ လူထုအတွက် ဖွံ့ဖြိုးတိုးတက်မှု လုပ်ပေးဖို့နေနေသာသာ အခု လူထုဆီက ပြန်လာပြီး အကူအညီတောင်းနေတယ်ဆိုတော့ လူထုဘယ်လိုလုပ်ပြီးနေထိုင်နိုင်တော့မှာလဲ။” - ဟုပြောဆိုသည်။

တန့်ယန်းမြို့နယ် အခြေစိုက် ဗိုလ်မွန်းဦးဆောင်သည့် မန်ပန်ဌာနေပြည်သူ့စစ်သည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၉ ရက်နေ့ကလည်း ခုမ်စုံအုပ်စုမှဒေသခံရွာသား ၇ ဦးကို အကြောင်းမသိရဘဲ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်းသိရသည်။ ခေါင်းဆောင်ဖြစ်သူ ဗိုလ်မွန်းမှာမူ စစ်အစိုးရခေတ်က လူမှုထူးချွန်ဆု ချီးမြှင့်ခြင်းခံခဲ့ရဖူးသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
မန်ပန်ဌာနေပြည်သူ့စစ်မှ ကျေးရွာအုပ်စု တအုပ်စု ငွေကျပ်သိန်းပေါင်းများစွာ ကောက်ခံ မန်ပန်ဌာနေပြည်သူ့စစ်မှ ကျေးရွာအုပ်စု တအုပ်စု ငွေကျပ်သိန်းပေါင်းများစွာ ကောက်ခံ Reviewed by THITHTOOLWIN on 17:58 Rating: 5
Powered by Blogger.