ကင်ဂျုံနမ်း ပြင်းထန်တဲ့ ဓာတုဗေဒ အဆိပ်ကြောင့် သေဆုံး


အရင်အပတ်က မလေးရှားနိုင်ငံမှာ လုပ်ကြံခံခဲ့ရတဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ အဖေတူ အမေကွဲ အကို ကင်ဂျုံနမ်းရဲ့ အလောင်း ရင်ခွဲဆေးစစ်မှု ရလဒ်ကို မလေးရှားရဲက ထုတ်ပြန်လိုက်ပါတယ်။

မလေးရှား အဆိပ်ဗေဒဌာနရဲ့ အစီရင်ခံစာမှာ ကင်ဂျုံနမ်းဟာ ‘VX nerve agent’ ဓာတုဗေဒ အဆိပ်ဓာတ်တမျိုးကြောင့် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီဓာတ်ကို ကုလသမဂ္ဂ အဖွဲ့ကြီးက ဖျက်အားပြင်း ဇီဝဓာတုလက်နက်အဖြစ် သတ်မှတ်ထားပါတယ်။

ကင်ဂျုံနမ်းရဲ့ မျက်နှာနဲ့ မျက်လုံးနှစ်ဖက်ကနေ ထုတ်ယူထားတဲ့ အသားစတွေကို စစ်ဆေးကြည့်ရာမှာ ဒီဓာတု အဆိပ်ဓာတ် တွေ့ရှိခဲ့ကြောင်း မလေးရှားရဲချုပ် ခါလစ်အဘူဘက္ကာ က အတည်ပြုပြောဆိုပြီး အခြား အသေးစိတ် အချက်အလက်တွေကို စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ကင်ဂျုံနမ်းကို သတ်ဖို့ရာ ဒီအမျိုးအစား ဓာတု အဆိပ် ပမာဏ အနည်းငယ်သာ လိုအပ်မယ်လို့ ရမ်ကော်ပိုရေးရှင်း သုတေသန ဌာန က လက်နက်ပါရဂူ ဘရု့စ်ဘဲနက် က ဘီဘီစီကို ပြောပါတယ်။ လုံခြုံရေးကင်မရာ မှတ်တမ်းမှာ တွေ့မြင်ရတဲ့ အမျိုးသမီးနှစ်ယောက်ဟာ ကင်ဂျုံနမ်းရဲ့ မျက်နှာကို ဒီ အဆိပ်ဓာတ်ပါတဲ့ အဝတ်စနဲ့ သုတ်လိမ်းလိုက်တဲ့ အခါမှာ ပြင်းထန်တဲ့ ဓာတုအဆိပ်ဟာ သူ့ရဲ့ အာရုံကြော စနစ်ကို ချက်ချင်းပဲ ထိခိုက် ပျက်စီးနိုင်စွမ်းရှိကာ ပထမ ခန္ဓာကိုယ် တုန်ခါလာပြီး မိနစ်ပိုင်း အတွင်း သေဆုံးခဲ့တာ ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

မလေးရှားဟာ ကင်ဂျုံနမ်း သေဆုံးမှု အတွက် မြောက်ကိုရီးယားကို အပြစ်တင်တာမျိုး မလုပ်ပေမယ့် နောက်ကွယ်မှာ မြောက်ကိုရီးယား ပါနေတယ်ဆိုတာကတော့ ထင်ရှားတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးထားတဲ့ အမျိုးသမီး နှစ်ဦးဟာ အဆင့်မြင့် လေ့ကျင့်ပေးထားသူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီအမှု အတွက် ကွာလာလမ်ပူရှိ မြောက်ကိုရီးယား သံရုံးက အကြီးတန်း သံတမန် တဦးနဲ့ မြောက်ကိုရီးယား အစိုးရပိုင် လေကြောင်းလိုင်းက ဝန်ထမ်း တဦး အပါအဝင် မြောက်ကိုရီးယား နိုင်ငံသား အများအပြားကို မလေးရှားရဲက စုံစမ်းစစ်ဆေးလိုကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး လက်ရှိ ဖမ်းထားသူတွေကတော့ ဗီယက်နမ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ အမျိုးသမီး တယောက်၊ အင်ဒိုနီးရှား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ အမျိုးသမီးနဲ့ သူ့ရဲ့ မလေးရှားနိုင်ငံသား ရည်းစား နဲ့ မြောက်ကိုရီးယား နိုင်ငံသား တယောက် စုစုပေါင်း လေးယောက် ဖြစ်ပါတယ်။

၁၃ ရက်နေ့ ကွာလာလမ်ပူ လေဆိပ်က လေယာဉ်ပေါ် တက်ဖို့ စာရင်းသွင်းတဲ့ နေရာမှာ အမျိုးသမီးနှစ်ဦးက အဆိပ်ပါတဲ့ အဝတ်နဲ့ မျက်နှာကို အုပ်ပြီး လုပ်ကြံခံခဲ့ရတဲ့ ကင်ဂျုံနမ်းဟာ လေဆိပ်ကနေ ဆေးရုံကို သွားတဲ့ လမ်းမှာပဲ သေဆုံးခဲ့ပါတယ်။ သူ့အလောင်းကို ရင်ခွဲရုံမှာ ထားနေချိန်အတွင်းမှာ မလေးရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား အလောင်း စစ်ဆေးပိုင်ခွင့်နဲ့ စပ်လျဉ်းပြီး သံတမန်ရေးရာ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မလေးရှားက သူ့ မြေပေါ်မှာ လုပ်ကြံခံခဲ့ရတာ ဖြစ်လို့ သေဆုံးရခြင်း အကြောင်းရင်းကို စစ်ဆေးပိုင်ခွင့်ရှိတယ် ဆိုတဲ့ အပေါ်ကို မြောက်ကိုရီးယား က ဒေါသတကြီးနဲ့ တုံ့ပြန်ခဲ့ပြီး မလေးရှားမှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီးရဲ့ သားအကြီးဆုံးဖြစ်တဲ့ ကင်ဂျုံနမ်းဟာ တချိန်ကတော့ ဖခင်ဖြစ်သူရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူ အဖြစ် ထင်ကြေးပေးခံခဲ့ပေမယ့် အဖေတူ အမေကွဲ ညီဖြစ်သူ လက်ရှိခေါင်းဆောင် ကင်ဂျုံအွန်းက သူ့ကို ကျော်ပြီး ရာထူးရသွားပြီးတဲ့ နောက်ပိုင်း နှစ်ပေါင်းများစွာ မြောက်ကိုရီးယား ပြင်ပမှာပဲ နေထိုင်နေခဲ့သူပါ။

သူဟာ ကင်ချိုလ် နာမည်နဲ့ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ရင်း ခရီးသွားနေတုန်း အခုလို မလေးရှား လေဆိပ်မှာ အဆိပ်နဲ့ လုပ်ကြံခံခဲ့ရတာပါ။

မြောက်ကိုရီးယားကတော့ အခုအချိန်အထိ သေဆုံးသူဟာ ကင်ဂျုံနမ်းဖြစ်ကြောင်း တရားဝင် အတည်ပြုတာမျိုး မရှိသေးပါဘူး။

ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ - AP
BBC Burmese
https://www.facebook.com/bbcburmese
ကင်ဂျုံနမ်း ပြင်းထန်တဲ့ ဓာတုဗေဒ အဆိပ်ကြောင့် သေဆုံး ကင်ဂျုံနမ်း ပြင်းထန်တဲ့ ဓာတုဗေဒ အဆိပ်ကြောင့် သေဆုံး Reviewed by THITHTOOLWIN on 17:31 Rating: 5
Powered by Blogger.