နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ရုရှ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူတွေ အဖမ်းခံရ


ရုရှ ထောက်လှမ်းရေး အဖွဲ့ (FSB) ရဲ့ အွန်လိုင်းလုံခြုံရေးရာ ကျွမ်းကျင်သူ ဝန်ထမ်းဟောင်း နှစ်ယောက်နဲ့ ကွန်ပျူတာ ပရိုဂရမ်ရေးဆွဲတဲ့ ကုမ္ပဏီတခုက ဝန်ထမ်းတယောက်ကို နိုင်ငံအပေါ် သစ္စာဖောက်ဖျက်မှုနဲ့ အစိုးရက ဖမ်းဆီးလိုက်ပါတယ်။

ရုရှ ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်း ဆာဂျီ မီခဲလ်လော့ဗ်နဲ့ ဒီမီထရီ ဒေါ့ကော့ဗ်ချယက်ပ်နဲ့ ကွန်ပျူတာဗိုင်းရပ်စ် ကာကွယ်ရေး ပရိုဂရမ် ကုမ္ပဏီ တခု ဖြစ်တဲ့ ကက်စပါကီး ရဲ့ အမှုဆောင် အရာရှိ ကွန်
ရပ်စ်လန် စတိုရင်နော့ဗ် တို့ဟာ အမေရိကန် အကျိုး အတွက် အလုပ်လုပ်ပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံရမှာပါ။


တချို့ သတင်းတင်ပြချက်တွေ အဆိုအရ အခု ဖမ်းဆီးမှုဟာ ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှရဲ့ အင်တာနက်ကတဆင့် ဖောက်ထိုး ဝင်ရောက် နှောင့်ယှက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ ပြောဆိုစွပ်စွဲချက်တွေနဲ့ ဆက်စပ်နိုင်ပါတယ်။ ဒီစွပ်စွဲမှုတွေကိုတော့ ရုရှ ကရင်မလင် အစိုးရဘက်က ငြင်းဆိုခဲ့ပါတယ်။

တရားစွဲခံရတဲ့ လူတွေရဲ့ အမည်တွေကို အစွပ်စွဲခံထဲက တယောက်ရဲ့ ရှေ့နေ့ဖြစ်သူ အီဗန်ပါ့လော့ဗ်က ပြောခဲ့တာပါ။ ရုရှက နိုင်ငံတော်သစ္စာဖောက်မှုတွေ ထုံးစံအတိုင်း ဒီအမှုရဲ့ အခြား အသေးစိတ် အချက်အလက်တွေကိုတော့ အစိုးရဘက်က ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။

ဒါပေမယ့် ဘီဘီစီရဲ့ မော်စကို အခြေစိုက် သတင်းထောက် ဆာရာရိန်းစဖို့ဒ်ကတော့ အမည်မဖော်ပြနိုင်တဲ့ သတင်းရင်းမြစ်တွေက သတင်းတွေ ရုရှ မြို့တော် တဝှမ်းမှာ ပျံ့နှံ့နေပြီး အဲဒီထဲက တခုကတော့ အခု ဖမ်းဆီးမှုဟာ အမေရိကန် ပြည်နယ် နှစ်ခုက မဲပေးစနစ်တွေကို ဆိုက်ဘာထိုးဖောက်ဝင်ရောက်ရာမှာ ပါဝင်ပတ်သက်ခဲ့တယ် ဆိုပြီး စွပ်စွဲခံထားရတဲ့ ရုရှက အွန်လိုင်း ကွန်ရက် နေရာ ဆာဗာ ငှားရမ်းတဲ့ ကုမ္ပဏီ နဲ့ ဆက်စပ်တယ် ဆိုပါတယ်။

ရုရှ သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ အခု ဖမ်းဆီမှုတွေဟာ အွန်လိုင်းဖောက်ထွင်းမှုနဲ့ မဆက်စပ်ဘူး ထုတ်ပြောထားပါတယ်။

အမေရိကန် ရွေးကောက်ပွဲတုန်းက ဖြစ်ပေါ်ခဲ့တဲ့ အွန်လိုင်းထိုးဖောက်တိုက်ခိုက်ခံရမှုတွေမှာ ပါဝင်ပတ်သက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ရုရှက ငြင်းဆန်ခဲ့ပါတယ်။

တခြား မှန်းဆပြောဆိုချက်တွေကတော့ အခု ဖမ်းဆီးမှုဟာ ရုရှ ထိပ်သီး နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ အတွင်းရေးတွေကို အများသိအောင် တူးဆွဖော်ထုတ်လေ့ရှိတဲ့ ရှဲလ်တေး ဘိုတေး Shaltai Boltai (Humpty Dumpty) အမည်ရှိ ဟက်ကာ ဖောက်ထွင်းသူများ အဖွဲ့နဲ့ ဆက်စပ်နိုင်တယ်လို့ ဆိုနေကြပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/
နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ရုရှ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူတွေ အဖမ်းခံရ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ရုရှ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူတွေ အဖမ်းခံရ Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.