တိုင်တန်းချက်ကို ရဲက အမှုဖွင့်မပေးပါက ထောင်ဒဏ်တစ်နှစ်မှ ငါးနှစ်အထိ ချမှတ်ရန် ဥပဒေကြမ်းကော်မတီ သဘောထားမှတ်ချက်တင်ပြ
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းအရ တိုင်တန်းချက်ကို ရဲကအမှုဖွင့်မပေးပါက ထောင်ဒဏ် တစ်နှစ်မှ ငါးနှစ်အထိချမှတ်ရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီ က ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ သဘောထား မှတ်ချက်ပေးခဲ့သည်။
လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ ဖတ်ကြားတင်ပြရာတွင် ယင်းသို့သဘေားထား မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ယင်းပုဒ်မကို အနည်းဆုံး ထောင် ဒဏ်ခြောက်လမှ အများဆုံး သုံးနှစ်အထိ ချမှတ်ရမည်ဟု ပြင်ဆင်လိုခြင်း ကို ထောင်ဒဏ်တစ်နှစ်မှ ငါးနှစ်ထိ ချမှတ်ရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက် ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါတာဝန်ကို ဆောင်ရွက်ရန် အကြောင်းမဲ့ ပျက်ကွက်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခံရပါက အနည်းဆုံး ထောင်ဒဏ်တစ်နှစ်မှ အများဆုံး ငါးနှစ်အထိ ချမှတ်ခံရမည့်အပြင် အနည်းဆုံး ကျပ် ၅ သိန်းမှ အများဆုံးကျပ် ၂၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း သဘောထားမှတ် ချက် ပေးထားသည်။
အဆိုပါ ဥပဒေကြမ်းကို လက်ရှိကျင်းပနေသည့် လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း တိုက်တွန်း ပြောကြားထားသည်။ ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် စတင် ဆွေးနွေးသော်လည်း တတိယပုံမှန် အစည်းအဝေး ပြီးဆုံးသည်အထိ အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်း မရှိသေး၍ ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီကို ယင်းဥပဒေကြမ်း ပြီးစီးအောင် အလေးအနက်ထား ဆောင်ရွက်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/
တိုင်တန်းချက်ကို ရဲက အမှုဖွင့်မပေးပါက ထောင်ဒဏ်တစ်နှစ်မှ ငါးနှစ်အထိ ချမှတ်ရန် ဥပဒေကြမ်းကော်မတီ သဘောထားမှတ်ချက်တင်ပြ
Reviewed by THITHTOOLWIN
on
13:26
Rating:
