ကုလအစီရင်ခံစာနဲ့ ပတ်သက် ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တပ်မတော် ထုတ်ပြန်ချက်ထုတ်

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ က နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ကျင်းပစဉ်။ Photo: Myanmar President Office
ရခိုင်ပြည်နယ် မောင်တောအကြမ်းဖက်ဖြစ်စဉ်အပေါ် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာပါ အချက်အလက်တွေ မှန် မမှန်ကို ဆက်လက်စုံစမ်း စစ်ဆေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးမှာဖြစ်ပြီး ကော်မရှင်ရဲ့ အစီရင်ခံစာ လည်း အပြီးသတ်မတင်ပြရသေးတဲ့အတွက် ပြစ်တင်ဝေဖန်တာတွေ မစောဖို့လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါ်အေးအေးစိုးက ပြောပါတယ်။

''ဒီ ရီပို့တွေမှာထွက်လာတဲ့ဟာတွေက မှန် မမှန် အစ်မတို့ စစ်ဆေးရမယ်၊ ဒုသမ္မတ ဦးဆောင်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်က တာဝန်ပေးထားပြီးသားလေ၊ မဟုတ်ဘူး ဟုတ်တယ် မှန်တယ်မမှန်ဘူးပြောရအောင် အဲဒီကော်မရှင်က ဘာမှတောင် အစီရင်ခံစာ ထွက်မလာသေးဘူးလေ၊ ဒီကော်မရှင်က လွတ်လပ်တဲ့ကော်မရှင်၊ သူတို့နည်း သူတို့ဟန်နဲ့ စုံစမ်းနေတာဆိုတော့ ရဲနဲ့ ပတ်သက်ပြီး ဗွီဒီယိုဖိုင် ထွက်လာတော့ ဒီနေ့ထွက်ပြီးနောက် တစ်နေ့ အစ်မတို့စုံစမ်းစစ်ဆေးပြီး ချက်ချင်းအရေးယူခိုင်းတာပဲ၊ နောက်ဟာတွေထွက်လာရင်လည်း အရေးယူမှာ၊ အရေးကြီးတာက စွပ်ပြီးတော့ ဘာဘာညာညာ မလုပ်ခင်မှာ ဟုတ်မဟုတ် မှန် မမှန် စိစစ်ဖို့ကတော့ တာဝန် ရှိတယ်လေ၊ ဘယ်သက်သေမှမရှိဘဲနဲ့တော့ ဒါကတော့ ထုံးစံပါ ဘယ်နိုင်ငံမဆို ဒီလိုပဲလုပ်ရမှာပဲ''

မောင်တောဒေသမှာ မွတ်ဆလင်တွေကို နှိပ်စက်ညှင်းပန်းတာ၊ အဓမ္မပြုကျင့်တာမျိုးတွေကို အစိုးရဘက်က ဖြေရှင်းဖို့ ဆိုပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာမှာ ပါရှိနေတာတွေကို ဒေါ်အေးအေးစိုး က ပြန်လည်ရှင်းလင်းပြောကြားတာဖြစ်ပါတယ်။

ဒုသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ ကောမရှင်ဟာ လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်ပြီး ဘယ်ဝန်ကြီးဌာနကမှ ညွှန်ကြား ခိုင်းစေတာမျိုးတွေမရှိကြောင်း၊ သူတို့နည်း သူတို့ဟန်နဲ့ပဲ ချည်းကပ်စုံစမ်းစစ်ဆေးနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

မောင်တောဒေသ စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လူ့အခွင့်အရေးအရ ချိုးဖောက်ပြုမူတာတွေကို စစ်ဆေးပေါ်ပေါက်ရင်လည်း ချက်ချင်းအရေးယူမှာဖြစ်သလို အရင်ကလည်း အရေးယူခဲ့တာမျိုးတွေရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ကျူးလွန်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေကိုလည်း ပေးပို့လာရင် ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေး ရလွယ်ကူတာကြောင့် ကူညီပေးစေချင်တယ်လို့လည်း ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ဒီကနေ့ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ မောင်တောဒေသ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ဥပဒေနဲ့မညီတဲ့ ဖြစ်စဉ်တွေ ရှိ မရှိ စစ်ဆေးဖို့အတွက် တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ဥက္ကဌအဖြစ်ပါဝင်မယ့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့လည်း တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကုလအစီရင်ခံစာနဲ့ ပတ်သက် ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တပ်မတော် ထုတ်ပြန်ချက်ထုတ် ကုလအစီရင်ခံစာနဲ့ ပတ်သက် ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တပ်မတော် ထုတ်ပြန်ချက်ထုတ် Reviewed by THITHTOOLWIN on 22:39 Rating: 5
Powered by Blogger.