ရတနာပုံတက္ကသိုလ်၊ ပထမနှစ်ကျောင်းသားတဦး အသတ်ခံရ


မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်၊ အကွက်(၃၄၁)၊ တာရိန်လမ်း၊ သမ္မတကိတ်မုန့်တိုက်လမ်းကြားရှိ နေအိမ်တအိမ်တွင် အမျိုးသားအလောင်းတလောင်းကို ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ(၁၂)နာရီကျော်က တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ မောင်အိမ်သူမောင်၊ အသက်(၁၈)နှစ်(ဘ) ဦးအောင်အောင်၊ ရတနာပုံတက္ကသိုလ်၊ ပထမနှစ်ကျောင်းသားဖြစ်ပြီး ဖားကန့်မြို့နယ်၊ စိုင်းတောင်ကျေးရွာအုပ်စု၊ မှော်ရှန်ရွာတွင်နေထိုင်သူ ဖြစ်သည်။

သေဆုံးသူ၏ ဦးလေးတော်စပ်သူ မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်၊ ကိုးလုံးတကာရပ်တွင်နေထိုင်သည့် ဦးဇော်မျိုးနိုင်၏ ပြောပြချက်အရ မောင်အိမ်သူမောင်သည် ဖေဖော်ဝါရီ (၁၉) ရက်နေ့တွင် ၎င်း၏ဇာတိသို့ပြန်မည်ဟုဆိုကာ ထွက်သွားခဲ့ကြောင်း၊ ထို့နောက် စိုင်းတောင်သို့ ဆက်သွယ်မေးမြန်းရာ မောင်အိမ်သူမောင် ပြန်ရောက်မလာသေးကြောင်း သိရှိရသဖြင့် လိုက်လံရှာဖွေရယ တူဖြစ်သူ၏သူငယ်ချင်း၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်၊ အကွက်(၃၄၁) ရှိ ဝေဖြိုးမောင် ငှားရမ်းနေထိုင်သည့် နေအိမ်သို့သွားရောက်ခဲ့ကြောင်း၊ ၎င်းနေအိမ်အခန်အတွင်း ကြည့်ရှုစဉ် ဝေဖြိုးမောင်မှ လူသေအလောင်းတလောင်းအား ပီနန်အိတ်ဖြင့်ပတ်၍ ထုတ်ပိုးနေသည်ကိုတွေ့ရှိခဲ့ရသဖြင့် မသင်္ကာသဖြင့် ပီနန်အိတ်အားဖွင့်ကြည့်ရာ တူဖြစ်သူ ၏အလောင်းဖြစ်နေသည်ကိုတွေ့ရှိခဲ့ရကြောင်း၊ အလောင်းမှာ ပုပ်ပွနေသည်ကို တွေ့ရှိခဲ့ရကြောင်း ရဲကြေးနန်းအရ သိရသည်။
“တူတော်မောင်က ပထမနှစ်ကျောင်းစာမေးပွဲပြီးကတည်းက ကျွန်တော့်အိမ်မှာလာနေတာ။ ဖေဖော်ဝါရီ (၁၉) ရက်နေ့မှာ ရွာပြန်မယ်ပြောပြီး ပေါ်မလာတာနဲ့ သူ့ သူငယ်ချင်းနေအိမ်ကိုသွားရှာတော့ အခုလိုတွေ့ရှိခဲ့တာပါ”ဟု သေဆုံးသူ၏ ဦးလေးတော်စပ်သူ ဦးဇော်မျိုးနိုင်က ပြောကြားခဲ့သည်။


ထို့နောက် ဦးဇော်မျိုးနိုင်မှ မဟာအောင်မြေမြို့နယ် အမှတ် (၇) နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ပြီး စခန်းမှူးနှင့်အဖွဲ့က အခင်းဖြစ်ပွားရာနေအိမ်သို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး အလောင်းအား ရဲဆေးစာဖြင့် မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သည်။

“အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ဆေးနေဆဲပါ။ မောင်ဝေဖြိုးမောင်ကို စခန်းမှာချုပ်နှောင်ထားတယ်။ ကျုးလွန်သူနဲ့ ကျုးလွန်ခံရသူတို့မှာ ရင်းနှီးခင်မင်သူတွေဖြစ်ပြီးတော့ လျှပ်တပြက်ဒေါသထွက်ပြီး အခုလိုဖြစ်နိုင်သလို အရက်သေစာသောက်စားပြီး ဆင်ခြင်တုန်တရားကင်းမဲ့မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။”ဟု မဟာအောင်မြေမြို့နယ်ရဲစခန်းမှ စခန်းမှူးဒုရဲမှူးတင်ထွန်းအောင်ကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၇)နယ်မြေရဲစခန်းမှ မောင်ဝေဖြိုးမောင် အသက်(၂၁)နှစ်၊(ဇာတိ-ကိုင်းသောင်ကျေးရွာ၊ပိုးလောင်းကျေးရွာအုပ်စု၊ ပြင်စလူမြို့နယ်) အား (ပ)၆၅/၂၀၁၇၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းထူးခန့်
News Watch
https://www.facebook.com/NewsWatchJournal
ရတနာပုံတက္ကသိုလ်၊ ပထမနှစ်ကျောင်းသားတဦး အသတ်ခံရ ရတနာပုံတက္ကသိုလ်၊ ပထမနှစ်ကျောင်းသားတဦး အသတ်ခံရ Reviewed by THITHTOOLWIN on 17:17 Rating: 5
Powered by Blogger.