![]() |
လှိုင်မြစ်ကမ်းဘေး၌ သဲတင် စက်လှေတစ်စင်း အိတ်ဇော အပူရှိန်ကြောင့် မီးလောင် နစ်မြုပ် |
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ်(၄)ရပ်ကွက် လှိုင်မြစ်ကမ်းဘေး၌ ဇန်န၀ါရီလ (၆)ရက်နေ့  မွန်းလွဲပိုင်းက သဲတင် စက်လှေတစ်စင်း အိတ်ဇောအပူရှိန်ကြောင့် မီးလောင်နစ်မြုပ်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။ မီးလောင်မှုကြောင့် သဲဆယ်ကျင်း၊ အမိုး၊ အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ခံရ၍ ငွေကျပ် ခုနစ်သိန်းသုံးသောင်းခန့် ဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန facebook စာမျက်နှာမှာ ဖော်ပြထားပါသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီလ (၆)ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်က အဆိုပါနေရာတွင် စက်လှေမောင်း ဦးဇော်ကြီး မောင်းနှင်သည့် သဲဆယ်ကျင်းဆံ့ အလျား ၂၅ ပေ၊ အနံ ၁၀ ပေခန့်ရှိ သဲတင် စက်လှေ မီးလောင်နေကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် Command & Control Center မှ မီးခိုးများကို တွေ့မြင်ရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့နှင့်အတူ လှိုင်သာယာ၊ အင်းစိန်မြို့နယ်တို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၂၀ တို့က မီးငြှိမ်းသတ်ယာဉ် လေးစီး၊ အထောက်အကူပြုယာဉ် သုံးစီးတို့ဖြင့် သွားရောက်ခဲ့ရာ သဲတင်စက်လှေမှာ မီးလောင်မှုကြောင့် မွန်းလွဲ ၂ နာရီခန့်တွင် လှိုင်မြစ်ကမ်းဘေး၌ နစ်မြုပ်သွားကြောင်း သိရသည်။
မီးလောင်မှု အကြောင်းရင်းမှာ အဆိုပါ စက်လှေရှိ အိတ်ဇော အပူရှိန်မှ ရေနံသုတ်လိမ်းထားသည့် သစ်သားပေါင်သို့ ကူးစက်ပြီး ၎င်းမှ တစ်ဆင့် စက်သုံးရန်ထားရှိသော ဒီဇယ်ပုံးသို့ ကူးစက်ရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် သဲဆယ်ကျင်း၊ အမိုး၊ အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ခံရ၍ ငွေကျပ် ခုနစ်သိန်းသုံးသောင်းခန့် ဆုံးရှုံးခဲ့ပြီး ယင်းဖြစ်စဉ် ကြောင့် စက်လှေမောင်း ဦးဇော်ကြီး (၃၇)နှစ်အား လှိုင်သာယာမြို့မ ရဲစခန်းက (ပ)၃၀၉/ ၂၀၁၇၊ ပုဒ်မ- ၂၈၅ ဖြင့် အမှုဖွင့်လှစ်၍ ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း - ဇာနည်မောင်
ဓာတ်ပုံ- ဇော်ကြီး(ပဏီတ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
စက်လှေ တစ်စင်းလုံး မီးလောင် နစ်မြုပ်မှု ငွေကျပ် ခုနစ်သိန်းသုံးသောင်းခန့် ဆုံးရှုံးဟုဆို
Reviewed by THITHTOOLWIN
on
08:59
Rating:
