ဆိုင်ကယ်နှင့် ကားတိုက်မှု ဖြစ်ရာမှ အုပ်စုလိုက်ခိုက်ရန်ဖြစ်ပွား၍ တစ်ဦးသေ၊ အများအပြား ဒဏ်ရာရ


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၃

ကျောက်ဖြူတွင် ဖေဖော်ဝါရီ ၂ ရက် ညနေ ၈ နာရီခန့်က ဆိုင်ကယ်ကို ကားဖြင့် တိုက်မိရာမှ အပြန်အလှန်ဆဲဆိုပြီး အုပ်စုလိုက် ရန်ဖြစ်ရာ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိသွားကြောင်းသတင်းရရှိသည်။

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှ ကျောက်ဖြူမြို့နယ်သို့ ထီလာရောက်ရောင်းချနေသော ရွှေမြန်မာ ထီရောင်းချရေးအဖွဲ့ (၁၁)ဦး စီးနှင်းလာသောကားမှ ဒေသခံလူငယ်တစ်ဦး စီးနှင်းလာသော ဆိုင်ကယ်အား ရွှေပင်လယ်စားသောက်ဆိုင်မှ အထွက်တွင် အသေးစားတိုက်မှုဖြစ်ပွားခဲ့ရာ အပြန်အလှန်ဆဲဆိုကြပြီးနောက် TOP စားသောက်ဆိုင်ရှေ့တွင် အုပ်စုလိုက်ရန်ဖြစ်ကြခြင်းဖြစ်သည်။


သေဆုံးသွားသူမှာ ရွှေမြန်မာထီရောင်းချရေးအဖွဲ့မှ မောင်ချစ်ထွန်း အသက်(၁၆)နှစ်ဖြစ်ပြီး လည်ပင်းထိုးသွင်း ဒဏ်ရာ(၁) ချက်ဖြင့် သေဆုံးသွားကြောင်းသိရသည်။

“ မီးသတ်ဦးစီးဌာနရှေ့ TOP စားသောက်ဆိုင်ကို ရွှေမြန်မာထီရောင်းချရေးအဖွဲ့ရောက်ရှိလာပြီး ပြန်ထွက်လာစဉ်မှာ ဆိုင်ကယ်အတိုက်ခံရတဲ့ လူငယ်ရဲ့ အပေါင်းအပါအဖော်တွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တယ်။ တစ်ဦးသေပြီး ၉ ဦးဒဏ်ရာ ရပါတယ်” ဟု ကျောက်ဖြူမြို့မရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။


ရွှေမြန်မာထီရောင်းချရေးအဖွဲ့မှ (၇)ဦးနှင့် ဒေသခံလူငယ်(၂)ဦးတို့မှာ ဦးခေါင်းနှင့် ကိုယ်လက်များတွင် ဒဏ်ရာအသီးသီးရရှိသွားပြီး ကျောက်ဖြူဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသနေရကြောင်းသိရသည်။

အဆိုပါ အခင်းဖြစ်စဉ်အား ကျောက်ဖြူမြို့မရဲစခန်းမှ(ပ) ၁၅၈/၁၇၊ ပုဒ်မ ၃၀၂/၃၂၆/၃၂၅/၁၄၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

(ဓာတ်ပုံ- ဒဏ်ရာရ၍ ဆေးရုံရောက်နေသူများ)
ကျော်ဝင်း၊ ကျောက်ဖြူ
Narinjara
https://www.facebook.com/Narinjara
ဆိုင်ကယ်နှင့် ကားတိုက်မှု ဖြစ်ရာမှ အုပ်စုလိုက်ခိုက်ရန်ဖြစ်ပွား၍ တစ်ဦးသေ၊ အများအပြား ဒဏ်ရာရ  ဆိုင်ကယ်နှင့် ကားတိုက်မှု ဖြစ်ရာမှ အုပ်စုလိုက်ခိုက်ရန်ဖြစ်ပွား၍ တစ်ဦးသေ၊ အများအပြား ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.