လားရှိုးကျေးလက်ဒေသခံ မိုင်းနင်းမိသေဆုံး အလောင်းသယ်ထုတ်ဖို့ ရွာသားများ အခက်တွေ့

ဓါတ်ပုံ- သံလွင်မြစ် တာတင်းတန်အနီးရှိ မိုင်းကြတ်အုပ်စုပြမြေပုံ
ဖေဖော်ဝါရီလ ၁၂ ၇က် ၂၀၁၇

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကြတ်ကျေးရွာအုပ်စုအတွင်း သံလွင်မြစ်ကမ်းဘေး တာတင်းတန်ကူး တို့ ဆိပ်ရွာဘက် အသွားလမ်း တွင် မြေမြှုပ်မိုင်းနင်းမိကာဒေသခံတဦး သေဆုံးခဲ့ရပြီး မြေမြှုပ်မိုင်း အများအပြား ကျန်ရှိနေသေးသဖြင့် အလောင်းသယ် ထုတ်ရန် အခက်အခဲဖြစ်နေသည်ဟု သိရသည်။

၂၀၁၇ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ က မိုင်းကြတ်ကျေးရွာ အုပ်စု ကောင်း မဟဲန်ကျေးရွာနေ ဦးလုံးပုမ် - နိုင်းအာမ် တို့၏သား စိုင်းယီဟောအသက် ၂၂ နှစ်နှင့် ညီဖြစ်သူတို့ ကွန်လုံဒေသ ကန်မိုင်းရွာသို့ ကြံခုတ်ရန်အသွား လမ်းခရီး၌ မြေမြှုပ်မိုင်းနင်း မိကာ အစ်ကိုဖြစ်သူ နေရာတွင်ပင် သေဆုံး ခဲ့သည်။

"ဘယ်သူထောင်လဲတော့မသိဘူး။ ကွန်လုံဘက်က ဆင်းလာ တဲ့ ဗမာ့တပ်မတော် တော့ တာတင်းတန်မှာ စခန်းလာချတယ်။ မိုင်းတွေကများတော့ သူ့ညီက မိုင်းထပ်နင်းမိမှာစိုးလို့သူ့အစ်ကိုဆီ မသွားရဲဘူး မကယ်ထုတ်နိုင်ခဲ့ဘူး။ ရွာပြန်လာပြီး ရွာသားတွေကို လာခေါ်တာ။ အခုကျနော်တို့ ရပ်ရွာအကြီးအကဲတွေနဲ့ အာဏာပိုင်တွေ၊ လွှတ်တော်အမတ်တွေခေါ်ပြီးအလောင်းသွားသယ်မလို့ " - ဟု ဒေသခံ (ဦး)လုံးစိုင်းက သျှမ်းသံတော်ဆင့် သို့ပြောသည်။

စိုင်းယီဟော သေဆုံးမှုနှင့်ပတ်သက်၍ ရွာအကြီးအကဲများက အဆိုပါဒေသ အတွင်းစခန်းချနေထိုင်နေသည့် တပ်မတော်အခြေချ လှုပ်ရှားသည့် စစ်ကြောင်းမှူး နှင့် ရဲစခန်းသို့အား တိုင်တန်းထားသည် ဟု ဆိုသည်။

၎င်းနှင့်ပတ်သက်ပြီး လားရှိုးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက - "စစ်မက်ဖြစ်ပွါး တဲ့နယ်မြေမှာ လွှတ်တော် အမတ်ဖြစ်ရတာ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မလုပ်နိုင်သေး တဲ့အပြင် ဘယ်နေရာမှာစစ်ပွဲဖြစ်မလဲ။ ဘယ်နေရာမှာမိုင်းနင်းမိဦးမလဲ ဆိုပြီး အမြဲစိုးရိမ်စိတ်ပူနေရတဲ့ ဘ၀ဖြစ်နေတယ်။ ကျနော်တို့ကတော့ အစိုးရကိုတိုက်တွန်းချင်တယ်။ စစ်ပွဲအမြန်ဆုံးရပ်နိုင်ဖို့ စစ်တပ်နဲ့အမြန် ဆုံး ဆွေးနွေးညှိနှိုင်းပါ။ ထိုးစစ်ဆင်နေတာကို ရပ်တန့်ပေးပါ " - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

အဆိုပါလမ်းပင် ဖေဖော်ဝါရီလ ၈ ရက်နေ့က နောင်ကော့လွယ်ရွာမှ တအာင်းရွာသား အိုက်ယီ့၏ ကျွဲ ၃ ကောင် လည်း မိုင်းနင်းမိကာ ကျွဲမကြီးနှင့် ကျွဲလေး နှစ်ကောင်နေရာတွင်ပင်သေဆုံးပြီး ကျန်ကျွဲတကောင်မှာရှေ့ခြေ ၂ ချောင်း ဒဏ်ရာ အပြင်းအထန်ရသွားဟု ရွာသား စိုင်းနော် ကပြောသည်။

အဆိုပါဒေသ (သံလွင်အနောက်ခြမ်း) ဘက်တွင် အစိုးရ တပ် မတော် ခြေမြန်တပ်ရင်းအမှတ် ခမရ ၃၁၂ ၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မန်ပန် ဌာနေပြည်သူ့စစ်အဖွဲ့၊ ကောင်းခါး ကေဒီအေ ပြည်သူ့စစ်တပ်ဖွဲ့ တို့ အပြင်မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များ၊ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ သွားလာလှုပ်ရှားပြီး သံလွင်အရှေ့ခြမ်းတွင်မူ ၀ တပ်ဖွဲ့ လှုပ်ရှားနေထိုင်ပါသည်။

သျှမ်းသံတော်ဆင့်၊ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
လားရှိုးကျေးလက်ဒေသခံ မိုင်းနင်းမိသေဆုံး အလောင်းသယ်ထုတ်ဖို့ ရွာသားများ အခက်တွေ့ လားရှိုးကျေးလက်ဒေသခံ မိုင်းနင်းမိသေဆုံး အလောင်းသယ်ထုတ်ဖို့ ရွာသားများ အခက်တွေ့ Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.