ကချင်ပြည်နယ်မှာ ဧရာဝတီမြစ်ရေ ၇ ပေလောက် မြင့်တက်

မြစ်ကြီးနားမြို့ အရှေ့ဘက် တာရိုးကနေ ဧရာဝတီမြစ်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေ ၆ နာရီမှာ တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
မြန်မာနိုင်ငံမြောက်ဖျား ပူတာအို၊ မချမ်းဘော စတဲ့ဒေသတွေဘက်မှာ အခုရက်ပိုင်းအတွင်း မိုးကြီးနေလို့ မြစ်ကြီနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီကနေ့ ညနေပိုင်းမှာ ၇ ပေလောက် မြင့်တက်လာတာကြောင့် မြစ်ကြောင်းအတွင်း သတိပြုသွားလာလုပ်ကိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက် မြစ်ရေ ရုတ်တရက် မြင့်တက်လာနိုင်တဲ့အတွက် သဲသောင်ခုံတွေပေါ်မှာ စိုက်ပျိုးလုပ်ကိုင်နေသူတွေနဲ့ လှေ၊ သင်္ဘောတွေ သတိပြုသွားလာကြဖို့ ကချင်ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာမှူး ဦးတင်ထိုက်က ပြောပါတယ်။

ပူတာအို နဲ့ မချမ်းဘော့ မြို့တွေမှာ အခုရက်ပိုင်းအတွင်း မိုးရေချိန် ၁ လက်မ ကျော်နဲ့ မြစ်ကြီးနားမြို့မှာ ၀.၅၁ လက်မရွာသွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ ရက်နေ့ညက မြစ်ကြီးနားမြို့မှာ အချိန်အခါမဟုတ် မိုးသီးကြွေ၊ လေပြင်းတိုက်ပြီး မိုးရွာသွန်းခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာ ဒီကနေ့ညနေပိုင်း တက်လာတဲ့ ဧရာဝတီမြစ်ရေဟာ ဗန်မော်၊ ရွှေကူ၊ ကသာ၊ စစ်ကိုင်း၊ မန္တလေး စတဲ့မြို့တွေဘက်ကို နောက်ပိုင်းရက်တွေမှာ ရောက်ရှိမှာဖြစ်တဲ့အတွက် မြစ်ကြောင်းအတွင်း သွားလာလုပ်ကိုင်နေကြသူတွေ သတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဒီကနေ့ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကချင်ပြည်နယ်မှာ ဧရာဝတီမြစ်ရေ ၇ ပေလောက် မြင့်တက် ကချင်ပြည်နယ်မှာ ဧရာဝတီမြစ်ရေ ၇ ပေလောက် မြင့်တက် Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.